သတင်းထုတ်ပြန်ခြင်း

Tuesday, March 30, 2021 - 09:30

သတင်းထုတ်ပြန်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀) (၆၈/၇၀) လမ်းကြားတွင် လူစုလူဝေး ၄၀၀ ဦးကျော်ခန့်သည် လည်းကောင်း၊ နေ့လည်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ (၃၅/၈၅)လမ်းကြား မြတောင်ကျောင်း အရှေ့တွင် လူစုလူဝေး ၂၅၀ ဦးခန့်သည်လည်းကောင်း၊ (၆၂/၁၀၄)(A) လမ်းထောင့်တွင် အင်အား ၁၀၀ ဦးသည်လည်းကောင်း အများပြည်သူ သွားလာအသုံးပြုနေကြသည့် လမ်းမများပေါ်တွင် လမ်းပိတ်ဆို့မှုများပြုလုပ်ကာ ကြွေးကြော်သံအမျိုးမျိုး အော်ဟစ်ဆူပူလျက်ရှိကြောင်း သတင်းရရှိခဲ့ ပါသည်။

ထိုသို့ သတင်းရရှိမှုအပေါ်မူတည်ကာ အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များပူးပေါင်းကာ သတ်မှတ်ညွှန်ကြားချက်များကို ချပြရှင်းလင်းပြီး လူစုခွဲရန် အကြိမ်ကြိမ်သတိပေး ခဲ့ပါသည်။ သို့ရာတွင် တာဝန်ရှိသူများ၏ တားမြစ်မှုများကို လိုက်နာမှုမရှိဘဲ ဆက်လက်ဆူပူအော်ဟစ် ဆန္ဒပြနေကြသဖြင့် လူစုလူဝေးထိန်းသိမ်းမှုနည်းလမ်းများအတိုင်း အသံမြည်ဗုံးနှင့် (.၁၂)ဗို့ပြောင်းချော သေနတ်တို့ဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများဆောင်ရွက်၍ လူစုခွဲခဲ့ရပါသည်။ ဖော်ပြပါဖြစ်စဉ်များတွင် လူစုလူဝေးပြုလုပ်ကာ ဆူပူဆန္ဒပြသူ အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၁၂)ဦး၊ စုစုပေါင်း (၃၉)ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး ဥပဒေအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။