နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်
နေပြည်တော်၊ မေ - ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်၌ ပြုလုပ်သည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ သံဃာတော်များ၊ ငြိမ်းချမ်းရေးကို လိုလားသူ ပြည်သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၄၀၀၀ ဦးခန့် တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာသည့် သံဃာတော်များနှင့် တာဝန်ရှိသူများက ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ကြိုဆိုထောက်ခံပါသည် စာသားပါပိုစတာ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံသာရည်များ ပတ်ဖျန်းပေးကြသည်။ ဆက်လက် ပြီး တက်ရောက်လာသည့် သံဃာတော်များဦးဆောင်၍ ငြိမ်းချမ်းရေး ချိုးဖြူငှက် များကို အထိမ်းအမှတ်အဖြစ် လွှတ်ပေးကြသည်။ ထို့နောက် ပျော်ဘွယ်မြို့၊ ရှမ်းပွဲရပ်ကွက် သာသနာ့ဗိန်မာန်တွင် စုရပ်ပြုလုပ်ကာ ရွှေပြည်သာဘုရားကွင်း အထိ ချီတက်ကြသည်။
၎င်းနောက် သံဃာတော်များနှင့် စာရေးဆရာ၊ ဆရာမများက ငြိမ်းချမ်းရေး ကြိုးပမ်းမှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှု များကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ရသည့်အကြောင်းနှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီ တို့သွားမည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောကြသည်။ ယင်းနောက် ငြိမ်းချမ်းရေး လိုလားသူပြည်သူများက “ပြည်ထောင်စုမပြိုကွဲရေး-ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး-ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး-ဒို့အရေး၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး-ဒို့အရေး၊ ပြည်ပစွက်ဖက်မှု အန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး-ဒို့အရေး၊ ငြိမ်ချမ်းရေးပျက်ပြားအောင် ဆန့်ကျင်နေသူများ ကျဆုံးရေး-ဒို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးအောင်ရမည်” စသည့်ကြွေးကြော် သံများဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။