(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းအနေဖြင့် ဗီယက်နမ်အသင်းအား အပြန်အလှန်ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း ကျဉ်းမြောင်းသောဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရ
နေပြည်တော်၊ မေ - ၁၈
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု အားကစားအသင်း၊ အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဘောလုံးအားကစား ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်၍ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အကြိုဗိုလ်လုပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်း နှင့်ယှဉ်ပြိုင် ကစားခဲ့ရသည်။ အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် အစဉ်အလာရှိသည့် အသင်းဖြစ်ပြီး အိမ်ရှင်အသင်းဖြစ်သည်နှင့်အညီ ပရိတ်သတ်အား၊ ကစားအားအသာဖြင့် မြန်မာအသင်းအားယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်း အနေဖြင့် ဂိုးကံခေခဲ့ခြင်း၊ ဗီယက်နမ် ဂိုးသမား၏ လက်စွမ်းပြကာကွယ်ခြင်းများ ကြောင့် ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းက မြန်မာအမျိုးသမီးဘောလုံးအသင်း အား ပထမပိုင်း ပွဲကစားချိန် ၂၇ မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် နိုင်ငံချစ်စိတ်အပြည့်ဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းများကို အပြည့်အဝအသုံးချပြီး တစ်ဦးချင်းအားသွန်ခွန်စိုက် ကြိုးပမ်း၍ ယှဉ်ပြိုင်ကစားခဲ့သော်လည်း အိမ်ရှင်ဗီယက်နမ်အသင်းအား ၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် ကံအကြောင်းမလှစွာဖြင့်ရှုံးနိမ့်ခဲ့ရသည်။ ထိုသို့ ကျဉ်းမြောင်းသောဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ ရသော်လည်း မြန်မာပြည်သူလူထုအပါအဝင် အခြားသောဘောလုံးဝါသနာရှင် ပရိသတ် များ၏ တစ်ခဲနက်ထောက်ခံအားပေးမှုများစွာကို အပြည့်အဝရရှိခဲ့သည်။
တစ်ဖက်တွင်ကစားခဲ့သည့် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးအသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်တွင် ထိုင်းအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ဗိုလ်လု ကစားရမည်ဖြစ်ပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့သည် မေ ၂၁ ရက်တွင် တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။