နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒမဲပေးမှုတွင် မဲစာရင်းများ မှားယွင်းနေမှုအတွက် နိုင်ငံတစ်ဝှမ်းလုံး နစ်နာသူပြည်သူများ သံသယကင်းရှင်းစေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခြင်းနှင့် မြို့နယ် ၉၉ မြို့နယ်၌ မဲစာရင်းမှားယွင်းမှုကို ရှင်းလင်းပေးရန် ပြည်သူများက (၁၂၄)ကြိမ် ပြည်သူ့ ဆန္ဒဖော်ထုတ်ခြင်း ပြုလုပ်ခဲ့သော်လည်း တိကျစွာရှင်းလင်းပေးမှုမရှိခြင်း၊ ‘ဒုတိယ အကြိမ်လွှတ်တော်သက်တမ်းအတွင်း ဆွေးနွေးနိုင်ရေး တောင်းဆိုမှုကို ပယ်ချခြင်းနှင့် နောက်ဆုံးအဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ရှင်းလင်းဆွေးနွေး ခွင့်ပြုရန် (၂)ကြိမ်တိုင်တိုင် တောင်းဆိုမှုတို့ကို လုံး၀လက်မခံ အကြိမ်ကြိမ်ပယ်ချခဲ့ သည့်အပြင် မဲစာရင်း(၁၀.၄)သန်းကျော် မှားယွင်းနေမှုအပေါ် သံသယကင်းရှင်းစေရေး ဆောင်ရွက်ပေးခြင်းမရှိဘဲ နိုင်ငံတော်၏ အာဏာသုံးရပ်အား မတရားနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း ခေတ္တထိန်းသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်လျက်ရှိ သည့်အပေါ် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လူအင်အား တစ်သိန်းခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးရှေ့ ကွမ်းခြံလမ်းမှစ၍ ဂျိုးဖြူလမ်း- အလံပြဘုရားလမ်း- ဆူးလေဘုရားလမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့် လည်၍ ထောက်ခံမှုများပြုလုပ်ကြသည်။
ထိုသို့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ ထောက်ခံမှုများ ပြုလုပ်လျက်ရှိရာ NLD ထောက်ခံသူများအနက်မှ ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်မှုဖြစ်စေရန် ရည်ရွယ်၍ အောင်ဆန်းကွင်း၊ သမိုင်းလမ်းဆုံ၊ ပြည်လမ်း၊ တိရစ္ဆာန်ရုံလမ်းနှင့် ဗိုလ်မင်းရောင် လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဝန်းအနီးနှင့် ဓမ္မာရုံအနီး၊ သိမ်ဖြူဈေး အနီး(၉၄)လမ်းထိပ်၊ ဒေါ်သိမ်းတင်လမ်းမ(၉၂)လမ်းထိပ်နှင့် ဆူးလေလမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့် နေရာအနီးတစ်ဝိုက်တို့တွင် ယာဉ်များရပ်တန့်၍ ပိတ်ဆို့ထားဆီးခြင်း၊ သံပုံးများနှင့် ဒန်အိုး၊ ဒန်ခွက် များတီး၍ နှောင့်ယှက်ဆူပူခြင်း၊ နည်းမျိုးစုံဖြင့် ဆဲဆိုရန်စခြင်း၊ ထောက်ခံသူများ အနာတရဖြစ်စေရန် ဂျင်ကလိများ၊ လေးဂွများ၊ ခဲများဖြင့်ပစ်ပေါက်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များဖြင့် တိုက်ခိုက်မှု ၁၀ ကြိမ်ပြု လုပ်ခဲ့ကြသည်။ ယင်းသို့ NLD ထောက်ခံသူများက ရန်စတိုက်ခိုက်မှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထောက်ခံပွဲသို့ တက်ရောက်လာသည့် မော်တော် ယာဉ် ၃ စီး၏ ကားမှန်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ငြိမ်းချမ်းစွာထောက်ခံသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပြင် အချို့မြို့နယ်များတွင်လည်း ဆန္ဒပြသူများကို NLD လိုလားထောက်ခံသူများက လူအုပ်စုဖြင့် အဓမ္မဖမ်းဆီး ချုပ်နှောင်ခြင်းများ ဖြစ်ပေါ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ရသည်။
ဒီမိုကရေစီကျင့်စဉ်အရ မိမိတို့၏ သဘောဆန္ဒများကို ငြိမ်းချမ်းစွာဖြင့် လွတ်လပ် စွာ ဆန္ဒထုတ်ဖော်နိုင်သော်လည်း ယခုကဲ့သို့ အမြင်၊ သဘောထားမတူမှုတို့အပေါ် မင်းမဲ့ စရိုက်ဆန်စွာ ရန်စတိုက်ခိုက်မှုမျိုးဆောင်ရွက်ခြင်းသည် ဒီမိုကရေစီကျင့်ဝတ်နှင့် တည်ဆဲ ဥပဒေအပေါ် ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် ရန်စတိုက်ခိုက်မှုများကို ဦးဆောင် ပြုလုပ်သူများအား လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုပြုလုပ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။