မြို့နယ်အချို့၌ နိုင်ငံ့ဝန်ထမ်းအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် နေပြည်တော်၊ မေ ၁၃

Friday, May 13, 2022 - 15:30

 နေပြည်တော်၊ မေ ၁၃

            တိုင်းဒေသကြီး၊ ပြည်နယ်များရှိမြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့်တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရ သည်။

            ထိုသို့အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မေလ ၁၂ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊သံတောင်မြို့(၂)ရပ်ကွက်နေ အခြေခံပညာအထက်တန်း ကျောင်း (သံတောင်) အထက်တန်းပြ ဆရာဖြစ်သူ ဦးကျော်ငြိမ်း(၃၆)နှစ် (ဘ)ဦးထင်ကျော်သည် နေအိမ် ဈေးဆိုင်၌ တစ်ရပ်ကွက်တည်းနေ ဦးချန်နူး(၄၁)နှစ်(ဘ)ဦးလုပ်ချန် နှင့်အတူ စကားပြောနေစဉ် အကြမ်းဖက်သူအမျိုးသား ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးကျော်ငြိမ်းနှင့် ဦးချန်နူးတွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်း သိရသည်။  

             အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။