၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈နာရီ အချိန်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကွမ်းခြံလမ်း၊ အောင်ဆန်းကွင်း အရှေ့ဘက်တွင်တပ်မတော် ထောက်ခံသူအင်အား နှစ်ထောင်ကျော်ခန့်သည် ယာဉ်ပေါင်းစုံ ၄၆ စီးဖြင့် လှည့်လည်ခဲ့ပါသည်။
မနက် ၉ နာရီအချိန်ခန့်တွင် NLD ပါတီထောက်ခံသူအချို့မှ တပ်မတော်ထောက်ခံသည့် ယာဉ်တန်းအား သံပုံးတီးခြင်း၊ လှောင်ပြောင်အော်ဟစ်ခြင်း၊ အမူအရာဖြင့် ဆန့်ကျင် ရှုပ်ချခြင်းများကို ပြုမူခဲ့ကြောင်း သိရှိရသည်။ ၎င်းကဲ့သို့ ဆောင်ရွက်ခဲ့သည့် အခြေအနေအရ တပ်မတော်ထောက်ခံသူ တစ်ရာဦးခန့်မှ NLD အုပ်စုဘက်သို့ ဝိုင်းဝန်းလိုက်လံခဲ့ရာမှ နှစ်ဘက် ပဋိပက္ခ ဖြစ်ပွားခဲ့ပါသည်။ တပ်မတော် ထောက်ခံသူအုပ်စုမှ လူအချို့သည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်အတွင်းသို့ ရောက်ရှိသွားခဲ့၍ NLD အုပ်စုမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြရာ အမျိုးသား ၂၈ ဦး ဖမ်းဆီးခံရပြီး ရပ်ကွက်အတွင်းရှိ သာသနာ့ ဟိတ ဓမ္မာရုံတွင် ခေါ်ယူထိန်းသိမ်းထားရှိကြောင်း သတင်းရရှိခဲ့ပါသည်။ ဖော်ပြပါဖြစ်စဉ်အား သိရှိရလျှင်သိရှိခြင်း တာဝန်ရှိသူများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်နေရာသို့ သွားရောက်ကာ တရားဥပဒေမဲ့ ဖမ်းဆီးထားရှိသူများအား ချက်ချင်းပြန်လည်စေလွှတ်ပေးရေး တောင်းဆိုခဲ့ပါသည်။ နေ့လည် ၁၂ နာရီ ၄၀မိနစ် အချိန်ခန့်တွင် ဖမ်းဆီးခံထားရသူ ၂၈ဦးအား ပြန်လည်ခေါ်ယူနိုင်ခဲ့ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက်ရှိကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။