တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း စတင်ဖွင့်လှစ်သင်ကြား နေပြည်တော် မေ ၁၂

Thursday, May 12, 2022 - 16:15

တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း စတင်ဖွင့်လှစ်သင်ကြား

နေပြည်တော် မေ ၁၂

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင် ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ရာ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကျောင်းပြန်လည်တက်ရောက်လျက်ရှိကြသည်။

ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၂ ခုနှင့် စိုက်ပျိုးရေးသိပ္ပံ‌ကျောင်း ၁၃ ခု၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၇ ခု၊ ဆရာ အတတ်ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒဂရီကောလိပ် ၂၅ ခု၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဉီးစီးဌာနအောက်ရှိ တက္ကသိုလ် ၆၀ ခု၊ နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် ၄ ခု နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၂ ခုတို့ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ တက္ကသိုလ်နှင့် ကောလိပ်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်း များနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထား ရှိခြင်း၊ ကျောင်းများအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံများ စီစဉ် ထားခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေး ကြသည်။

တက္ကသိုလ် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍  အေးချမ်းစွာပညာသင်ကြား နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။