ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

Tuesday, March 30, 2021 - 08:15

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနအမှူးပြုသော မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၂၀ ပါးအား ပရိယတ္တိဓမ္မဗိမ္မာန်တော်ကြီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သင်ကြား/စီမံ ဆရာတော်၊ သံဃာတော် ၂၀ ပါးအား အဆိုပါတက္ကသိုလ်၌ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာထေရ်ရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ ခေတ္တ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသတ္တမဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအမှူးပြုသော သင်ကြား/ စီမံ ဆရာတော်၊ သံဃာတော် ၂၀ ပါးအားအဆိုပါတက္ကသိုလ်၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မဏိရတနာဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တသောမအမှူးပြုသော ဆရာတော်၊ သံဃာတော် ၂၀ ပါးအားစစ်တွေမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌လည်းကောင်း၊ စစ်တွေမြို့၊ ရွှေနှလုံးတော်ဘုရား ကျောင်းနှင့် တာဂျော်ဒိန် ဗလီဝတ်ကျောင်းတော်ကြီးတို့မှ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များအား သက်ဆိုင်ရာနေရာများ၌လည်းကောင်း တိုင်းစစ်ဌာနချုပ်အသီးသီးမှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်များမှ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများနှင့် တိုင်းမှူးများက သွားရောက်ကြည့်ရှု ဖူးမြော် ကြည်ညိုကြပြီး န၀ကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။