ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးပိုမိုရရှိရေးနှင့် တရားဝင်လုပ်ကိုင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး

Tuesday, March 30, 2021 - 08:00

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ထိုင်းနိုင်ငံသို့ ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊ ထိုင်းဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်းတို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာစေရေး၊ နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှု များ အရှိန်အဟုန်မပြတ်ဆက်လက်အကောင်အထည်ဖော်သွားရေး၊ နယ်စပ်ဒေသလုံခြုံရေး တည်ငြိမ်အေးချမ်းရေးနှင့် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ပိုမိုရရှိရေးနှင့် တရားဝင်လုပ်ကိုင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြငှ် အာဆီယံမိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ကို အခြေခံလျက် အာဆီယံပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည့်လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းဝန်ကြီးချုပ်၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးတို့အား မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက်ဆောင်ရွက်သွားမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက်များနှင့် နိုင်ငံခြားရေးမူဝါဒများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရတ် နိုမာဆူဒီ အား ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တွေ့ဆုံ၍မြန်မာ နိုင်ငံနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပြင် အာဆီယံမိသားစု စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ကို အခြေခံလျက် အာဆီယံပူးပေါင်းဆောင်ရွက် မှု မူဘောင်အောက်မှ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။