မြန်မာ-တာတာစတန် စီးပွားရေးဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ နေပြည်တော် ဧပြီလ ၂၈ ရက်

Thursday, April 28, 2022 - 16:00

မြန်မာ-တာတာစတန် စီးပွားရေးဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဧပြီလ ၂၈ ရက်

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့်  တာတာစတန်သမ္မတ H.E. Mr. Rustam Nurgaliyevich Minnikhanov နှင့်ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယနေ့ တွင် နေပြည်တော်ရှိ PARKROYAL Hotel ၌ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နှစ်ဖက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှု အလားအလာများအပေါ် ဆက်လက်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် တာတာစတန်တို့အကြား နှစ်ဖက်အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်းများပါဝင်သော စကားဝိုင်းဆွေးနွေးပွဲ (Roundtable Talks between Myanmar and Tatarstan Business Circles) ကို ဆက်လက်ကျင်းပရာ တာတာစတန်သမ္မတနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က ဦးဆောင်တက်ရောက်ကြသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တာတာစတန်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်းပြီး အလေးထား ပြောကြားသည်။

ဆက်လက်၍ တာတာစတန်သမ္မတ H.E. Mr. Rustam Nurgaliyevich Minnikhanov က  နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်သော နယ်ပယ်အသစ်များမှ တစ်ဆင့် အကျိုးတူဖက်စပ်စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး၊ မော်တော်ယာဉ်ထုတ်လုပ်မှုအပါအဝင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်ဖက်အပြန်အလှန် အလုပ်သဘောခရီးစဉ်များ ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ပညာသင်များအား တာတာစတန်၏မြို့တော် ကာဇန်ရှိ အဆင့်မြင့် တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E.Dr.Nikolay LISTOPADOV က နယ်ပယ်အသီးသီးတွင် ပိုမိုကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တာတာစတန်ပြည်နယ်၏ ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဖြစ်သူ H.E. Mr. Karimov Albert Anvarovich နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က မြန်မာ-တာတာစတန်ကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

နှစ်ဖက်ရှင်းလင်းတင်ပြမှုအပြီးတွင် မြန်မာ့ဆန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့မှု နှင့် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းများတင်သွင်းမှုတို့အတွက် ရည်ရွယ်သည့် စာလွှာ (Letter of Intent-LOI) နှစ်စောင်ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်း ချုပ်နှင့် တာတာစတန်ဘက်မှ JSC “RATSIN” တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။ အဆိုပါ LOI နှစ်စောင်ကို လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ထွက် ပစ္စည်းများ တင်ပို့နိုင်မည့်အခွင့်အလမ်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအတွက် လိုအပ် သော အရည်အသွေးမှီ ဓာတ်မြေသြဇာများကို တင်သွင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်မည်ဖြစ်သည်။

ဆက်လက်ပြီး တာတာစတန်ဘက်မှ  စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှုအစီအစဉ် (Networking Session) ကို ပြုလုပ် ပြီး နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်လက်ပူး‌ပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

မြန်မာ-တာတာစတန် စီးပွားရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တာတာစတန် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ မြန်မာဘက်မှ သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီး များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေး အသင်းနှင့် မြန်မာ-ရုရှား စီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။