တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
နေပြည်တော် ဧပြီ ၂၄
တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့်၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ် နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ပါရဂူဘွဲ့ ၄၇ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၃၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄ ဦး၊ စုစုပေါင်း ၁၀၈ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က အွန်လိုင်းစနစ် ဖြင့် ဘွဲ့ယူမည့် ပါရဂူဘွဲ့ တစ်ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၅၆ ဦး၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၄ ဦး၊ စုစုပေါင်း ၆၁ ဦးတို့အား ဘွဲ့ချီးမြှင့် အပ်နှင်းကာ ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမ မှ ပြန်လည်ထွက်ခွာသွားကြသည်။
တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာ သိပ္ပံဘွဲ့ ၂၄၉၀ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၆၈ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ ၂၆၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ လက်ရှိဆေးပညာမဟာ သိပ္ပံဘွဲ့လွန် အမှတ်စဉ်(၂၇)တွင် သင်တန်းသားအရာရှိ ၅၈ ဦး၊ အမှတ်စဉ်(၂၈)တွင် သင်တန်းသားအရာရှိ ၂၀၁ ဦး၊ အမှတ်စဉ်(၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ စုစုပေါင်းဘွဲ့လွန်သင်တန်းသားအရာရှိ ၅၆၃ ဦး သင်တန်းတက်ရောက်နေဆဲဖြစ် ကြောင်း သတင်းရရှိသည်။