နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄
ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်နေ့များမှစ၍ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၂၂ ရက်တွင်ဈေးများ၊ စတိုးဆိုင်ခန်းများ အားလုံး ဖွင့်လှစ်ရောင်းချခြင်း မပြုရန်ခြိမ်းခြောက်အကြပ်ကိုင်သည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပါသည်။
ထိုသို့ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုင်ငံ တစ်ဝန်းလုံး မြို့နယ်အသီးသီးရှိ ဈေးများ၊ စတိုးဆိုင်ခန်းများမှာမိမိတို့၏ မိသားစု စားဝတ် နေရေးအတွက် ပုံမှန်အတိုင်း အေးချမ်းစွာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြသည်။ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲများတွင် ပင်စင်လာရောက် ထုတ်ယူကြမည့် အငြိမ်းစားဝန်ထမ်းများ လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်စေရန်အတွက် သက်ဆိုင်ရာဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်လခစား အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ဆက်လက် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။
အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ လစဉ် ၂၁ ရက် တစ်ရက် တည်းတွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ် ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agentများတွင် ထုတ်ယူခြင်းတို့ကို အဆင်ပြေစွာဆက်လက်ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။