တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဈေးများ၊ စတိုးဆိုင်ခန်းများ ပုံမှန်အတိုင်း ရောင်း/ဝယ်ဖောက်ကားလျက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲအသီးသီးတို့၌ အငြိမ်း စားဝန်ထမ်းများ၏ ပင်စင်လစာများ အဆင်ပြေချောမွေ့စွာဆက်လက်ထုတ်ပေးလျက်ရှိ

Tuesday, March 30, 2021 - 06:45

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃ 

ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်နေ့များမှစ၍ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၂၂ ရက်တွင်ဈေးများ၊ စတိုးဆိုင်ခန်းများ အားလုံး ဖွင့်လှစ်ရောင်းချခြင်း မပြုရန်ခြိမ်းခြောက်အကြပ်ကိုင်သည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့တွင် နိုင်ငံတစ်ဝန်းလုံး မြို့နယ် အသီးသီးရှိ ဈေးများ၊ စတိုးဆိုင်ခန်းများမှာမိမိတို့၏ မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အတိုင်း အေးချမ်းစွာ ရောင်းဝယ်ဖောက်ကား လျက်ရှိကြသည်။

ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲများတွင် ပင်စင်လာရောက် ထုတ်ယူကြမည့် အငြိမ်းစားဝန်ထမ်းများ လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက် ရှိရာ ပင်စင်လခစား အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ဆက်လက် လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ လစဉ် ၂၁ ရက် တစ်ရက် တည်းတွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ် ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ကို အဆင်ပြေစွာဆက်လက်ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။