နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံနှင့် ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါး ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံတို့ရှိ ဆရာဝန် များနှင့် သူနာပြုများက ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများ အနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံတွင် အလုပ်ဆင်းပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့်သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော် ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေး အဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့အကူအညီတောင်းခံလာမှုကြောင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများက အဆိုပါဆေးရုံများသို့ သွားရောက်၍ ဆေးရုံပြန်လည် ဖွင့်လှစ်နိုင်ရေး ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ဆေးရုံပရိဘောဂများ ပြန်လည်နေရာ ချထားခြင်း၊ ဆေးရုံအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ချုံနွယ် ပေါင်းမြက်များ ရှင်းလင်းခြင်းများကို ချက်ချင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်ပေးပြီး တပ်မတော်သားဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအား စုဖွဲ့စေလွှတ်ပေးခဲ့ရာ တပ်မတော်သားဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှုအခြေအနေများ၊ ကျန်းမာ ရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြော ကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဒေသခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။