အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တွေ့ဆုံဆွေးနွေး နေပြည်တော် မတ် ၃၁

Thursday, March 31, 2022 - 17:30

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် မတ် ၃၁

            အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီအဖွဲ့ဝင်များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး(၂) စဝ်စိုင်းဆု၊ ဗဟိုကော်မတီဝင် စဝ်နော်လိတ်နှင့် စဝ်သန်းအောင်တို့ တက်ရောက်ကြသည်။

          တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ က လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်နေမှု၊ အစိုးရအနေဖြင့် ၂၀၂၂ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ကြိုတင်သတ်မှတ်ချက်များမရှိဘဲ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲထားမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခများလျှော့ချနိုင်ရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

          ဆက်လက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ -၂ က တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိသည့် ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှုရရှိရေးအတွက် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုပိုမိုတည်ဆောက်နိုင်ရေး၊ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အခက်အခဲ အတားအဆီးများ ကျော်လွှားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

          တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။