ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်တွင် သွားလာအသုံးပြုလျက်ရှိသည့် ကုန်တင်မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား KKO(ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး
နေပြည်တော်၊ မတ် - ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ကုန်တင် မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ပို့ဆောင်ရန် ကြက်သွန်နီများနှင့် သံတိုသံစများတင်ဆောင်လာသည့် (၁၂)ဘီးမော်တော်ယာဉ် ၂ စီးနှင့် အိမ်စီး မော်တော်ယာဉ် ၂ စီးတို့သည် မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကော့ကရိတ်- မြဝတီသွားအာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားနှင့် တတန်ကူးတံတားအကြားသို့ ရောက်ရှိစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ ပါဝင်ခဲ့သူများ၏ပြောကြားချက်အရ အိမ်စီးမော်တော် ယာဉ် ၂ စီးသည် ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့အရောက်၌ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လမ်း၏ ယာဘက်ခြမ်းမှ လက်နက်ငယ် များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ကားဘီးနှင့် ယာဉ်ကိုယ်ထည်တွင် ကျည်များထိမှန်ခဲ့သဖြင့် ယာဉ်အား လမ်းမကြီး ပေါ်တွင် ရပ်တန့်ထားသည့် ကြက်သွန်များတင်ဆောင်ထားသည့် ၁၂ ဘီးယာဉ် အနီး ထိုးရပ်ကာ ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ရပြီး အနီးတဝိုက်တွင် ပုန်းခိုခဲ့ရကြောင်း၊ KNU/ KNLA တပ်မဟာ(၆)၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ယာဉ်များပေါ်တွင် ပါရှိသည့် ငွေသားများ၊ လက်ဝတ်ရတနာနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများပြည်သူနေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများ နှင့် ခရီးသွားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို တဖတ်သက်အစွန်းရောက် ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမား များအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။