အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး နေပြည်တော် မတ် ၂၈

Monday, March 28, 2022 - 17:45

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် မတ် ၂၈

            အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ဗဟိုကော်မတီဝင် ခိုင်အောင်ဟိန်း၊  ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဒုတိယစစ်ဦးစီးချုပ်အဆင့်ရှိ စောတာ့ခူးနှင့် ဗဟို ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊  ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့် ဗဟိုကော်မတီဝင် စောအောင်ကောင်းရွှေ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ အတွင်းရေးမှူး-၁ စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။

          ရှေးဦးစွာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိငြိမ်းချမ်းရေး အခြေ အနေများကို ရှင်းလင်းပြောကြားသည်။       

          ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များက တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သဘောထားများကို အလွတ် သဘော ဆွေးနွေးပြောကြားကြသည်။

          ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် အခြေခံလိုအပ်ချက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် သဘောထားများကို ရှင်းလင်း ဆွေးနွေးသည်။

          ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံ၍ လက်ရှိငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေး ဆောင်ရွက်နိုင်မှုများ၊ ဆက်လက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ် များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။