ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ( ၄ / ၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် မည်သည့်ဒေသတွင်မဆို ရောက်ရှိနေသော ရဲတပ်ဖွဲ့ဝင်အားလုံးနှင့် သက်ဆိုင် စေရမည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ဆိုသည်။
( ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။
( ဂ) ရဲတပ်ဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့ဌာနချုပ်၊ တပ်ဖွဲ့နှင့် ရဲလေ့ကျင့်ရေးကျောင်းများလည်း ပါဝင်သည်။
(ဃ) ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ဆိုသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းပြီး ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရအဖွဲ့က အတည်ပြုသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံကို ဆိုသည်။
( င) တပ်ဖွဲ့ ဆိုသည်မှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့် နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ နေပြည်တော်ရဲတပ်ဖွဲ့နှင့် သီးခြားလုပ်ငန်းတာဝန်ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် တပ်ဖွဲ့များကို ဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါတပ်ဖွဲ့များ၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ခွဲများ၊ ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့များလည်း ပါဝင်သည်။
( စ) ရဲတပ်ဖွဲ့ဝင် ဆိုသည်မှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်ထားခြင်းခံရသည့် ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။
(ဆ) ရဲချုပ် ဆိုသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကို ဆိုသည်။
( ဇ) ဒုတိယရဲချုပ် ဆိုသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ဒုတိယရဲချုပ်များအဖြစ် ခန့်အပ်ခြင်း ခံရသူများကို ဆိုသည်။
( ဈ) ပြန်တမ်းဝင်ရဲအရာရှိ ဆိုသည်မှာ ဒုတိယရဲမှူးနှင့် ယင်းအထက်အဆင့်ရှိ ရဲအရာရှိကို ဆိုသည်။
(ည) ရဲအရာရှိ ဆိုသည်မှာ ဒုတိယရဲအုပ်နှင့် ယင်းအထက်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။
( ဋ) အခြားအဆင့် ဆိုသည်မှာ ရဲအရာခံအဆင့်နှင့် ယင်းအောက်ရှိ ရဲတပ်သားအဆင့်ရှိ ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။
( ဌ) အရန်ရဲ ဆိုသည်မှာ ရဲတပ်ဖွဲ့အတွက် လိုအပ်သည့်အချိန်တွင် ဤဥပဒေနှင့်အညီ ခန့်အပ်ခြင်းခံရသည့် ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။
( ဍ) ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဆိုသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်း ထိန်းသိမ်းရေးဥပဒေကို ဆိုသည်။
( ဎ) စတင်ခန့်ရာထူး ဆိုသည်မှာ ရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်နိုင်ရန် သတ်မှတ်ထားသည့် ရာထူးအဆင့်ကို ဆိုသည်။
(ဏ) မသန်စွမ်းရဲတပ်ဖွဲ့ဝင် ဆိုသည်မှာ ဤဥပဒေပါ တာဝန်တစ်ရပ်ရပ်ထမ်းဆောင်စဉ် အကြောင်းတစ်ခုခုကြောင့် ကိုယ်အင်္ဂါတစ်ခုခုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ချို့ယွင်း သွားသော ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။
(တ) ကျဆုံးရဲတပ်ဖွဲ့ဝင် ဆိုသည်မှာ ဤဥပဒေပါ တာဝန်တစ်ရပ်ရပ်ထမ်းဆောင်စဉ် ကျဆုံး သွားသည့် ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။
(ထ) ပစ္စည်း ဆိုသည်မှာ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ ငွေကြေး သို့မဟုတ် အဖိုးတန် စာတမ်းအမှတ်အသားတစ်ခုခု ပါဝင်သည်။
( ဒ) ကျွဲ၊ နွား၊ တိရစ္ဆာန် ဆိုသည်မှာ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြည်း၊ လား၊ သိုး၊ ဆိတ်၊ ဝက်၊ ခွေးနှင့်နွားနောက်များ ပါဝင်သည်။
အခန်း(၂)
ရည်ရွယ်ချက်
၄။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် စပ်လျဉ်း၍
နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ အစဉ်ကာကွယ် စောင့်ရှောက်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊
( ခ) နိုင်ငံတော်နှင့် ပြည်သူများက ယုံကြည်အားထားရသည့် အရည်အသွေးမြင့်မားပြီး စည်းကမ်းကောင်းမွန်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊
( ဂ) ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းရည်ထက်မြက်စွာ ထမ်းဆောင်နိုင်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊
(ဃ) နိုင်ငံတကာရဲတပ်ဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ရဲတပ်ဖွဲ့၏စွမ်းရည်နှင့် အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်၊
( င) လိုအပ်သည့်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက်ရန်။
အခန်း(၃)
ဖွဲ့စည်းခြင်း
၅။ ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းထားရှိသော အောက်ပါရဲတပ်ဖွဲ့ဌာနချုပ်၊ တပ်ဖွဲ့များနှင့် ရဲလေ့ကျင့်ရေး ကျောင်းများသည် ဤဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည်ဟု မှတ်ယူလျက် ဆက်လက်တည်ရှိ စေရမည်-
(က) ရဲတပ်ဖွဲ့ဌာနချုပ်၊
( ခ) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊
( ဂ) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊
(ဃ) တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် နေပြည်တော်ရဲတပ်ဖွဲ့၊
( င) သီးခြားလုပ်ငန်းတာဝန် ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် တပ်ဖွဲ့များ-
(၁) မှုခင်းရဲတပ်ဖွဲ့
(၂) သတင်းရဲတပ်ဖွဲ့
(၃) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
(၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
(၅) ရေကြောင်းရဲတပ်ဖွဲ့
(၆) လေကြောင်းရဲတပ်ဖွဲ့
(၇) ရထားရဲတပ်ဖွဲ့
(၈) ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
(၉) ယာဉ်ထိန်းရဲတပ်ဖွဲ့
(၁၀) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့
(၁၁) အမြန်လမ်းမကြီးရဲတပ်ဖွဲ့
(၁၂) ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့
(၁၃) သစ်တောလုံခြုံရေးရဲတပ်ဖွဲ့
(၁၄) စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်)
(၁၅) စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်)
(၁၆) စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)
( စ) ရဲလေ့ကျင့်ရေးကျောင်းများ။
၆။ (က) အစိုးရအဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားကိုရယူ၍ ရဲတပ်ဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
( ခ) ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ရဲတပ်ဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးနိုင်သည်။
၇။ အစိုးရအဖွဲ့သည် ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို အတည်ပြုခြင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ရာထူးအဆင့်များ၊ ချိန်နှုန်းလစာများ သတ်မှတ်ခြင်း၊ ရဲတပ်ဖွဲ့ဝင် များ၏ ကျွမ်းကျင်မှု၊ လုပ်ငန်းအတတ်ပညာနှင့် လုပ်ငန်းသဘာဝအရ စုစည်းဖွဲ့စည်းခြင်း၊ ယင်းတို့၏ လုပ်ငန်းတာဝန်များကို စိစစ်သုံးသပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
၈။ ဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊ အင်အား၊ လုပ်ငန်းတာဝန်များကို အခါအားလျော်စွာ ပြန်လည်သုံးသပ်၍ လိုအပ်ပါက ပြင်ဆင်သတ်မှတ်နိုင်ရန် အစိုးရအဖွဲ့သို့ အကြံပြုတင်ပြနိုင်သည်။
အခန်း(၄)
ခန့်အပ်ခြင်း
၉။ (က) နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ညှိနှိုင်းပြီး ရဲချုပ်ကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
( ခ) ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယရဲချုပ်များကို ခန့်အပ်နိုင်သည်။
၁၀။ အစိုးရအဖွဲ့သည် ရဲချုပ်၊ ဒုတိယရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အဆင့်အတန်းနှင့် အဆောင် အယောင်ကို သတ်မှတ်နိုင်သည်။
၁၁။ ရဲချုပ်သည် သတ်မှတ်ချက်များနှင့်အညီ-
(က) ပြန်တမ်းဝင်ရဲအရာရှိ စတင်ခန့်ရာထူးအတွက် ဝန်ကြီးဌာနသို့ တင်ပြ၍ ရွေးချယ် ခန့်ထားရမည်။
( ခ) ပုဒ်မခွဲ(က)အရ ခန့်ထားသော ရာထူးမှအပ အခြားစတင်ခန့်ရာထူးများအတွက် လိုအပ်သည့် ရဲတပ်ဖွဲ့ဝင်များကို ရွေးချယ်ခန့်ထားရမည်။
( ဂ) ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံပါ တပ်ဖွဲ့နှင့်ကျောင်းများ၏ တပ်ဖွဲ့မှူးများနှင့်ကျောင်းအုပ်ကြီးများ အဖြစ် တာဝန်ပေးအပ်နိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြရမည်။
(ဃ) ပြန်တမ်းဝင်ရဲအရာရှိများအား ပြောင်းရွှေ့တာဝန်ပေးခြင်းကို ဝန်ကြီးဌာန၏ အတည် ပြုချက်ဖြင့် ဆောင်ရွက်ရမည်။
( င) ပြန်တမ်းဝင်မဟုတ်သောရဲအရာရှိများ ပြောင်းရွှေ့တာဝန်ချထားခြင်းကို ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရမည်။
( စ) တပ်ဖွဲ့နှင့်ရဲလေ့ကျင့်ရေးကျောင်းများမှ အရာရှိမဟုတ်သူတပ်ဖွဲ့ဝင်များ၏ ပြောင်းရွှေ့ တာဝန်ချထားခြင်းကို ယင်းတပ်ဖွဲ့နှင့် ကျောင်းတို့မှ တပ်ဖွဲ့မှူးနှင့် ကျောင်းအုပ်ကြီး များက ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရန် ညွှန်ကြားရမည်။
၁၂။ ရဲချုပ်သည် ရဲတပ်ဖွဲ့ဝင် စတင်ခန့်ရာထူးအလိုက် အစမ်းခန့်ကာလ၊ အရည်အချင်းနှင့် စည်းကမ်း သတ်မှတ်ချက်များကို ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် လိုအပ်သလို သတ်မှတ်နိုင်သည်။
၁၃။ ရဲချုပ်သည်-
(က) ပြန်တမ်းဝင်ရဲအရာရှိတစ်ဦးကို အခြားဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ သတ်မှတ် ထားသည့် အရည်အချင်းနှင့်ပြည့်စုံ၍ ဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ပြောင်းရွှေ့ ခန့်ထားလိုပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
( ခ) ပြန်တမ်းဝင်ရဲအရာရှိမှအပ ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးကို ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့်ပြည့်စုံလျှင် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဝန်ကြီးဌာနသို့ တင်ပြ ရမည်။
၁၄။ ရဲချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်-
(က) ဒုတိယရဲချုပ်(၁)သည် အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်-
(၁) စီမံရေးနှင့် အုပ်ချုပ်ရေးတာဝန်များကို ကြီးကြပ်ကွပ်ကဲရမည်၊
(၂) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများ၏ လုပ်ငန်းတာဝန်များကို လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရမည်၊
(၃) လေ့ကျင့်ရေး၊ စည်းရုံးရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများကို ကြီးကြပ်ရမည်၊
(၄) တပ်ဖွဲ့နှင့်သက်ဆိုင်သည့်မူဝါဒဆိုင်ရာကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုနိုင်ရန် စိစစ်တင်ပြရမည်၊
(၅) ရဲချုပ်က အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ရမည်။
( ခ) ဒုတိယရဲချုပ်(၂)သည် အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်-
(၁) လုံခြုံရေးနှင့် မှုခင်းဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲရမည်၊
(၂) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများ၏ လုပ်ငန်းတာဝန်များကို လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရမည်၊
(၃) လုံခြုံရေး၊ မှုခင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့်မူဝါဒများကို ချမှတ်ရမည်၊
(၄) ရုံး၊ ရဲစခန်း၊ ရဲကင်းများ၏ အခင်းအကျင်းမှန်ကန်စေရေးနှင့် စစ်ဆေးရေး လုပ်ငန်းများအပေါ် ကြီးကြပ်ရမည်၊
(၅) ရဲချုပ်က အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ရမည်။
အခန်း(၅)
အရန်ရဲ ခန့်အပ်ခြင်း
၁၅။ ရဲချုပ်သည် အရန်ရဲ ခန့်အပ်ခြင်း၊ ဖွဲ့စည်းခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ လုပ်ငန်းတာ၀န် သတ်မှတ်ပေးခြင်း၊ အခွင့်အရေး၊ ရပိုင်ခွင့်စသည်တို့နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်။
၁၆။ အရန်ရဲ ခန့်အပ်ခြင်းခံရသူသည် ရဲတပ်ဖွဲ့ဝင်များလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရမည်။
အခန်း (၆)
တာဝန်နှင့် လုပ်ပိုင်ခွင့်
၁၇။ ရဲချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ရဲတပ်ဖွဲ့၏ မူဝါဒကို အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ချမှတ်ခြင်း၊
( ခ) ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ချမှတ်ခြင်း၊
( ဂ) ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းတာဝန်များ သတ်မှတ်ဆောင်ရွက်ခြင်းနှင့် စီမံကြီးကြပ်ခြင်း၊
(ဃ) ရဲတပ်ဖွဲ့အား တာဝန်ခံကြီးကြပ်အုပ်ချုပ်ခြင်း၊
( င) ရဲတပ်ဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်ခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များသတ်မှတ်ခြင်း၊ အခွင့်အရေး၊ လစာ၊ စရိတ်ချီးမြှင့်ငွေနှင့် ထောက်ပံ့စရိတ်များရရှိရေး သတ်မှတ်ချက် များနှင့်အညီ စီမံဆောင်ရွက်ခြင်း၊
( စ) ရဲတပ်ဖွဲ့ဝင်များ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ ကျင့်ဝတ်သိက္ခာများ စောင့်စည်း လိုက်နာရေး၊ စည်းလုံးညီညွတ်ရေးတို့နှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်ခြင်း၊
(ဆ) ရဲတပ်ဖွဲ့ဝင်များလိုက်နာရမည့် ကျင့်ဝတ်များ၊ တည်မြဲအမိန့်များ၊ ရဲတပ်ဖွဲ့ဆိုင်ရာ ဆောင်ပုဒ်များကို ထုတ်ပြန်ခြင်းနှင့် ပြင်ဆင်ခြင်း၊
( ဇ ) ရဲတပ်ဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စများကို သတ်မှတ်ချက်များ နှင့်အညီ စီမံဆောင်ရွက်ခြင်း၊
( စျ) ရဲတပ်ဖွဲ့အတွက် လိုအပ်သည့် ဘဏ္ဍာရေး၊ ထောက်ပံ့ရေးနှင့် ဖြည့်တင်းရေးဆိုင်ရာ ကိစ္စများကို ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စီမံဆောင်ရွက်ခြင်း၊
(ည) ရဲလုပ်ငန်းနှင့်စွမ်းရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
( ဋ) ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရန် လိုအပ်ပါက ဝန်ကြီးဌာနသို့ တင်ပြခြင်း၊
( ဌ) အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနက ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်း၊
( ဍ) ရဲတပ်ဖွဲ့ဝင်များအား ခွင့်ပေးပိုင်ခွင့်ရှိသူကို သတ်မှတ်ခြင်း။
၁၈။ ရဲတပ်ဖွဲ့ဝင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေခြင်း၊
( ခ) နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်း၊
( ဂ) ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်၊ လုပ်ငန်းတာဝန်များနှင့် ဥပဒေနှင့်အညီ ပေးအပ်သည့် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
(ဃ) နိုင်ငံတော်၏ မည်သည့် နေရာဒေသတွင်မဆို တာဝန်ဝတ္တရားများကို နေ့ ည အချိန်မရွေး ဆောင်ရွက်ခြင်း၊
( င) တာဝန်ဝတ္တရားဆောင်ရွက်ရာတွင် တရားမျှတစွာ ဆောင်ရွက်ခြင်း၊
( စ) ဘေးအန္တရာယ်ကျရောက်သည့်အခါ အများပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းဥစ္စာ တို့ကို ကယ်ဆယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်း၊
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း၊
( ဇ) ရဲတပ်ဖွဲ့ဝင်တိုင်းလိုက်နာရမည့် စည်းကမ်းနှင့်ကျင့်ဝတ်များကို စောင့်စည်းလိုက်နာခြင်း၊
( ဈ) နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊
(ည) ပြည်သူလူထုအား ဝန်ဆောင်မှုပေးခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
( ဋ) ပိုင်ရှင်မရှိသောပစ္စည်းများကို ထိန်းသိမ်း၍ ပိုင်ရှင်စုံစမ်းရှာဖွေခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြ၍ စီမံခန့်ခွဲမှုရယူခြင်း။
၁၉။ ရဲတပ်ဖွဲ့ဝင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခွင့်၊
( ခ) တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အများပြည်သူဆိုင်ရာနေရာများနှင့် အများပြည်သူတို့ပျော်ရွှင်မှုအတွက် စုဝေးရာနေရာများသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေး နိုင်ခွင့်၊
( ဂ) တာဝန်ဝတ္တရားများဆောင်ရွက်ရာတွင် ဤဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေနှင့် အခြား တည်ဆဲဥပဒေတစ်ရပ်ရပ်၌ ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးနိုင်ခွင့်၊
(ဃ) နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နည်းဥပဒေများ၊ ရဲလက်စွဲများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ခွင့်၊
( င) တည်ဆဲဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ခွင့်။
၂၀။ ရဲစခန်းမှူးနှင့်အထက် ရဲအရာရှိတစ်ဦးဦးသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေးအတွက် စစ်ဆေးရန်လိုအပ်သော နေအိမ်၊ အဆောက်အအုံ၊ ဝင်းခြံ၊ ပရဝုဏ်နှင့် ယာဉ် တစ်ခုခုသို့ လုံလောက်သောအကြောင်းပြချက်ဖြင့် ဥပဒေနှင့်အညီ ဝင်ရောက်စစ်ဆေးနိုင်ခွင့်ရှိသည် သို့မဟုတ် ထိုသို့ ဝင်ရောက်စစ်ဆေးရန် ဒုတိယရဲအုပ်အဆင့်ထက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးကို လွှဲအပ်နိုင်သည်။
အခန်း(၇)
လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်များ
ဆောင်ရွက်ခြင်း
၂၁။ ရဲတပ်ဖွဲ့သည် မြို့၊ ရွာများလုံခြုံရေး၊ အများပြည်သူတို့၏ အသက်၊ အိုးအိမ်နှင့် နိုင်ငံတော်ပိုင်
ပစ္စည်းများ လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ပေးရမည်။
၂၂။ ရဲတပ်ဖွဲ့သည် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေသည့် သို့မဟုတ် ထိခိုက်နစ်နာစေ သည့်ကိစ္စရပ်များနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နစ်နာစေနိုင် သော မည်သည့်ကိစ္စကိုမဆို ကြိုတင်ကာကွယ်တားဆီးရမည့်အပြင် ဥပဒေ၏အကာအကွယ်ကို တန်းတူညီမျှရရှိစေရန် ဆောင်ရွက်ပေးရမည်။
၂၃။ ရဲတပ်ဖွဲ့သည် အများပြည်သူအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှု ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်မည့်အစီအမံများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရမည်။
၂၄။ ရဲတပ်ဖွဲ့သည် နိုင်ငံဖြတ်ကျော်မှုခင်းများကို သက်ဆိုင်ရာဌာနများနှင့်ဖြစ်စေ၊ လိုအပ်ပါက နိုင်ငံတကာရဲတပ်ဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဖြစ်စေ ပူးပေါင်း၍ တားဆီးကာကွယ် အရေးယူ ဆောင်ရွက်ရမည်။
အခန်း(၈)
လေ့ကျင့်သင်ကြားရေး
၂၅။ ရဲချုပ်သည် ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်တိုးတက်မြင့်မားစေရန် လေ့ကျင့်ရေးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ အောက်ပါတို့ကို စီမံဆောင်ရွက်ရမည် -
(က) ရဲတပ်ဖွဲ့ဆိုင်ရာ ရဲလေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်ခြင်း၊ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် အဆင့်တိုးမြှင့်ခြင်း၊
( ခ) ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှု၊ ဘာသာစကား၊ လူမှု ဆက်ဆံရေးအပါအဝင် အခြားအသိပညာ၊ အတတ်ပညာရပ်များနှင့် နည်းပညာရပ် များကို ဘက်စုံသင်ကြားပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ရေးဆွဲ ဆောင်ရွက်ခြင်း၊
( ဂ) ရဲတပ်ဖွဲ့ဝင်များကို ပြည်တွင်းပြည်ပ တက္ကသိုလ်များတွင် ရဲလုပ်ငန်းပညာရပ်၊ ဥပဒေ၊ ဘာသာစကားနှင့် အခြားအတတ်ပညာရပ်များ တက်ရောက်သင်ကြားစေခြင်း၊
(ဃ) ရဲတပ်ဖွဲ့ဝင်များကို အခြားဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ဖွင့်လှစ်သည့် သင်တန်း များသို့ တက်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
( င) ရဲတပ်ဖွဲ့ဝင်များကို ပြည်ပသင်တန်းများ စေလွှတ်တက်ရောက်စေခြင်း၊
( စ) ရဲတပ်ဖွဲ့ဝင်များကို ပြည်တွင်းပြည်ပ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်စေခြင်း၊
(ဆ) ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးတိုးတက်စေရန် အထောက်အကူပြုမည့် စီမံခန့်ခွဲမှု၊ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု၊ ဘက်စုံပညာရပ်များ မြင့်မားမှုတို့အတွက် လေ့ကျင့် ပညာပေးမှုများကို အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
( ဇ) နိုင်ငံတကာတွင် ပြောင်းလဲကျင့်သုံးနေသော ရဲလုပ်ငန်းစနစ်များ၊ ရဲတပ်ဖွဲ့ဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို အမြဲလေ့လာသုံးသပ်၍ မိမိနိုင်ငံနှင့်ကိုက်ညီသည့် လေ့ကျင့် သင်ကြားရေးမူဝါဒများ၊ ရေတိုရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
( စျ) ရဲတပ်ဖွဲ့၏ လေ့ကျင့်ရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာ၊ ငွေကြေး၊ ပစ္စည်းကူညီထောက်ပံ့မှုများ ရယူခြင်း။
၂၆။ ရဲတပ်ဖွဲ့ဝင်တိုင်းသည် သတ်မှတ်ထားသည့် သင်တန်းများကို တက်ရောက်ရမည်။
အခန်း (၉)
ရဲတပ်ဖွဲ့ဝင်၏ အခွင့်အရေးများ
၂၇။ (က) ရဲတပ်ဖွဲ့ဝင်သည် အောက်ပါအခြေခံအခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-
(၁) အလုပ်တည်မြဲခွင့်၊
(၂) လုပ်ငန်းခွင် အာမခံချက်ရရှိခွင့်၊
(၃) လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့်လျော်ညီသည့် လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များ ခံစားခွင့်၊
(၄) ရာထူးတိုးမြှင့်ခွင့်၊
(၅) ပညာလေ့လာဆည်းပူးခွင့်၊
(၆) ခွင့်ခံစားခွင့်၊
(၇) ထူးချွန်မှု၊ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊
(၈) ဆေးစစ်ဆေးခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်၊
(၉) အငြိမ်းစားယူခွင့်၊
(၁၀) တာဝန်ထမ်းဆောင်ခြင်းနှင့် အကျုံးဝင်သော ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်း ဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အတွက် အထူးပင်စင်ခံစားခွင့်၊
(၁၁) အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဖြစ်ပါကတူညီသောအလုပ်အတွက် အမျိုးသားရဲတပ်ဖွဲ့ဝင် များနည်းတူ အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်၊
(၁၂) ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသောအသင်းအဖွဲ့များတွင် ပါဝင်ခွင့်၊
(၁၃) ရဲတပ်ဖွဲ့ဝင်၏ ခံစားခွင့် ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်း ထုချေခွင့်နှင့် အယူခံဝင်ခွင့်၊
(၁၄) ရာထူးအနွယ် ပိုင်ဆိုင်ခွင့်၊
(၁၅) ကူးပြောင်းချိန် ခံစားခွင့်၊
(၁၆) ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန် ထမ်းဆောင်ခွင့်၊
(၁၇) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာ ခံစားခွင့်၊
(၁၈) မသန်စွမ်းရဲတပ်ဖွဲ့ဝင်နှင့် ကျဆုံးရဲတပ်ဖွဲ့ဝင်၏ မိသားစုသည် နိုင်ငံတော်၏ ထောက်ပံ့မှုကို ရယူခံစားနိုင်ခွင့်၊
(၁၉) သတ်မှတ်လုပ်သက်ပြည့်ပါက နုတ်ထွက်နိုင်ခွင့်၊
(၂၀) အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြားခံစားခွင့်။
( ခ) ရဲချုပ်သည် ပုဒ်မခွဲ(က)ပါ အခြေခံအခွင့်အရေးများနှင့်စပ်လျဉ်း၍ လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်နိုင်သည်။
အခန်း(၁ဝ)
ရာထူးတိုးမြှင့်ခြင်း
၂၈။ ဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့ဝင်၏ ရာထူးတိုးမြှင့်ရေးအတွက် အနည်းဆုံးလိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးနှင့်လုပ်သက်သတ်မှတ်ချက်များကို သတ်မှတ် ထားရမည်။
၂၉။ (က) ရဲတပ်ဖွဲ့ဝင်သည်-
(၁) ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့်ပြည့်စုံ၍ တာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်နိုင်လျှင် သတ်မှတ်ချက်များနှင့်ညီညွတ်ပါက ရာထူးတိုးမြှင့် ခံစား ပိုင်ခွင့်ရှိသည်။
(၂) ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု သတ်မှတ်ချက် နှင့်အညီ သက်ဆိုင်ရာ အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးအကဲဖြတ်မှုကို ခံယူရမည်။
(၃) အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုပေါ်မူတည်၍ သက်ဆိုင်ရာ အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်သည့်အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။
(၄) အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးအကဲဖြတ်ချက်အရ ရဲတပ်ဖွဲ့ဌာနချုပ်က ရေးဆွဲအတည်ပြုထားသည့် တန်းစီဇယားတွင် ပါဝင်ပြီး ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ချက်နှင့်ညီညွတ်ပါက ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့်ရှိသည်။
(ခ) ဌာနပြင်ပသို့ တာဝန်ဖြင့်ရောက်ရှိနေသော်လည်း ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအင်အားတွင် ပါဝင်ပါက ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစိစစ်အကဲဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရမည်။
၃၀။ ပြန်တမ်းဝင်ရဲအရာရှိ အဆင့်ဆင့်ရာထူးတိုးမြှင့်ရာတွင် ရဲတပ်ဖွဲ့ဌာနချုပ်က အတည်ပြုထားသော တန်းစီဇယားတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အား ဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ရမည်။
၃၁။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရာထူးတိုးမြှင့်ပေးရာတွင် လက်ရှိရာထူးနှင့် တစ်ဆင့်မြင့်ရာထူးအတွက် သတ်မှတ်ထားသည့် သင်တန်းတက်ရောက်ပြီးသည့် ရဲတပ်ဖွဲ့ဝင်အား ဦးစားပေး စဉ်းစားရမည်။
၃၂။ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ပါက သတ်မှတ်ထား သော အရည်အချင်းများ ပြည့်စုံစေကာမူ ယင်းအား ရာထူးတိုးမြှင့်ပေးခြင်း မပြုရ -
(က) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း ပြစ်ဒဏ်ခံရလျှင် ယင်းသို့ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချခြင်း ခံရသည့်နေ့မှ ခြောက်လအတွင်း၊
( ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်း ပြစ်ဒဏ်ခံရလျှင် ယင်းသို့ နှစ်တိုးလစာ ရပ်ဆိုင်းသည့် ကာလအတွင်း၊
( ဂ) တာဝန်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိခြင်းကြောင့် ဖြစ်စေ ပျက်စီးဆုံးရှုံးမှုအတွက် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ပေးလျော်ရသောကိစ္စမျိုးတွင် ဆုံးရှုံးမှု တန်ဖိုးကို ပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ် သို့မဟုတ် အကြေပေးလျော်သည့်နေ့၊ ထိုနေ့နှစ်ခုတို့အနက် စောရာနေ့အထိ၊
(ဃ) ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့် လျှော့ချခြင်းခံရလျှင် မူလ လစာအဆင့်သို့ ပြန်လည်မရောက်မချင်း၊
( င) တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အရသော်လည်းကောင်း အရေးယူခံနေရစဉ်ကာလအတွင်း၊
( စ) ရာထူးလျှော့ချသည့်ပြစ်ဒဏ် ပေးခြင်းခံရပါက ယင်းရာထူးလျှော့ချသည့် အမိန့်ပါ သတ်မှတ်ကာလအတွင်း၊
(ဆ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း၊
( ဇ) ဆေးအဆင့်(က) မရှိခြင်း၊
( စျ) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ခံရလျှင် ယင်းသို့ ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းသည့် ကာလအတွင်း၊
(ည) အငြိမ်းစားလစာအတွက် ရဲမှုထမ်းသက်လျှော့ချပြစ်ဒဏ် ချမှတ်ခြင်းခံရလျှင် ယင်းပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှ ခြောက်လအတွင်း။
အခန်း(၁၁)
ချီးမြှင့်ခြင်း
၃၃။ ရဲချုပ်သည် -
(က) တာဝန်ထမ်းဆောင်ရာတွင် ထူးချွန်မှုနှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သော ရဲတပ်ဖွဲ့ဝင်အား သတ်မှတ်ချက်များနှင့်အညီ ကြိုတင်နှစ်တိုးလစာ ချီးမြှင့်ခြင်း၊
ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် အခြားနည်းဖြင့် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
( ခ) ရဲတပ်ဖွဲ့ဝင်အား နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့် နိုင်ရေးအတွက် ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ ထောက်ခံတင်ပြနိုင်သည်။
( ဂ) ချိန်နှုန်းလစာ ရာထူးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အား ချီးမြှင့်သည့်အနေဖြင့် အချိန်မစေ့မီ ကြိုတင်နှစ်တိုးကို တစ်ဆင့်ဖြစ်စေ၊ တစ်ဆင့်ထက် ပို၍ဖြစ်စေ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်သည်။
၃၄။ ရဲချုပ်သည် ကြိုတင်နှစ်တိုးခွင့်ပြုနိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြန်တမ်းဝင်ရဲအရာရှိအား ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ ပြန်တမ်းဝင်အရာရှိမဟုတ်သည့် ရဲတပ်ဖွဲ့ဝင်အား လည်းကောင်း အောက်ပါအချက်များကို အခြေခံပြီး ကိစ္စတစ်ခုချင်းအလိုက် စိစစ်၍ ဆောင်ရွက် ရမည်-
(က) ရာထူးအတွက် သာမန်အားဖြင့် လိုအပ်သောအရည်အချင်းထက် ထူးကဲသာလွန်သော အရည်အချင်းနှင့် အတွေ့အကြုံများ ဆည်းပူးရရှိထားသည့်သူကို ရဲတပ်ဖွဲ့ဝင်အဖြစ် စတင်ခန့်အပ်သည့်အခါ ကနဦးလစာ တိုးမြှင့်သတ်မှတ်ပေးသင့်သည့်ကိစ္စဖြစ်ခြင်း၊
( ခ) လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက် ရဲတပ်ဖွဲ့ဝင်ကို ချီးမြှင့်ထိုက်သည့်ကိစ္စဖြစ်ခြင်း၊
( ဂ) အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုကြောင့် ရဲတပ်ဖွဲ့ဝင်ကို ကြိုတင်နှစ်တိုး ပေးသင့်သည့် ကိစ္စဖြစ်ခြင်း။
၃၅။ ရဲချုပ်သည် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန် များကိုထမ်းဆောင်ရာတွင် စွမ်းစွမ်းတမံ၊ သက်စွန့်ကြိုးပမ်းဆောင်ရွက်သော ရဲတပ်ဖွဲ့ဝင်အား
ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုဖြင့် စိစစ်ပြီး ထိုက်သင့်သော ရာထူးအဆင့်တိုးမြှင့်၍ ချီးမြှင့်နိုင်သည်။ ရာထူးအဆင့်တိုးမြှင့်ချီးမြှင့်ခြင်းခံရမည့် ပြန်တမ်းဝင်ရဲအရာရှိဖြစ်ပါက ဝန်ကြီးဌာနသို့ တင်ပြ၍ ဆောင်ရွက်ရမည်။
အခန်း(၁၂)
ခွင့်ခံစားခြင်း
၃၆။ ရဲတပ်ဖွဲ့ဝင်သည် အောက်ပါခွင့်အမျိုးအစားများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့် ရှိသည်-
(က) ရှောင်တခင်ခွင့်၊
( ခ) ကူးစက်ရောဂါ ကာကွယ်ခွင့်၊
( ဂ) လုပ်သက်ခွင့်၊
(ဃ) ဆေးလက်မှတ်ခွင့်၊
( င) လစာမဲ့ခွင့်၊
( စ) မီးဖွားခွင့်၊
(ဆ) အထူးမသန်စွမ်းခွင့်၊
( ဇ) ဆေးရုံခွင့်၊
(ဈ) ပညာလေ့လာဆည်းပူးခွင့်။
၃၇။ ရဲတပ်ဖွဲ့ဝင်သည်-
(က) ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက် ဖြင့် ခွင့်ခံစားနိုင်သည်။
( ခ) အစမ်းခန့်ကာလတွင် သတ်မှတ်ထားသည့်ခွင့်ကို ခံစားခွင့်ရှိသည်။
( ဂ) ခွင့်ခံစားနေစဉ် မိမိအား ခွင့်ပြုထားသည့် ခွင့်ကာလမကုန်ဆုံးမီ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်လိုပါက သက်ဆိုင်ရာ ခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဝင်ရောက်ရမည်။
(ဃ) ခွင့်ကာလကုန်ဆုံးသော်လည်း တာဝန်ပြန်လည်ထမ်းဆောင်ခြင်းမရှိပါက ကျော်လွန်သည့် ကာလအတွက် ခွင့်လစာခံစားခွင့်မရှိ။
( င) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခွင့်မဲ့ပျက်ကွက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူခံရမည်။
၃၈။ ခွင့်ပေးပိုင်ခွင့်ရှိသူသည် -
(က) အများပြည်သူအကျိုးငှာ လိုအပ်ပါက ရဲတပ်ဖွဲ့ဝင်တစ်ဦး တောင်းခံသည့်ခွင့်ကို ငြင်းပယ်ခြင်း၊ ခွင့်ပြုပြီးသော ခွင့်ကို ပယ်ဖျက်ခြင်းနှင့် ခွင့်ခံစားနေသော ရဲတပ်ဖွဲ့ဝင်ကို ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်။
( ခ) အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင် ခွင့်ခံစားနေသည့် ရဲတပ်ဖွဲ့ဝင်အား ဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိခဲ့စေကာမူ ယင်း၏ အငြိမ်းစားယူခွင့် လျှောက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းခြင်း မပြုရ။
၃၉။ ရဲတပ်ဖွဲ့ဝင်သည် -
(က) အငြိမ်းစားယူရမည့် အသက်ပြည့်သည့် နေ့ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင် ပြင်ဆင်ခွင့်ကို ပျမ်းမျှလစာဖြင့် ခံစားနိုင်သည်။
( ခ) အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို အချိန်မီ တောင်းခံခဲ့ရာတွင် ခွင့်ပေးပိုင်ခွင့် ရှိသူက တောင်းခံသည့် ခွင့်ကာလတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အများပြည်သူအကျိုးငှာ ငြင်းပယ်ခဲ့လျှင် ထိုငြင်းပယ်သည့် ခွင့်ကာလကို အငြိမ်းစား ယူရမည့်နေ့ရက်မှစ၍ စတင်ခံစားခွင့်ရှိရမည်။
အခန်း(၁၃)
စည်းကမ်းထိန်းသိမ်းရေး
၄၀။ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်နှင့် ရဲတပ်ဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရမည်။
၄၁။ ရဲတပ်ဖွဲ့ဝင်သည် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ယင်းဥပဒေအရသာလျှင် အရေးယူရမည်။ အခြားပြစ်မှုကို ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူရမည်။
၄၂။ ရဲတပ်ဖွဲ့ဝင်အား တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူရန် လိုအပ်ပါက-
(က) ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးအရေးယူမှုဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းနှင့် အကျုံးဝင်လျှင် ရဲချုပ်ထံမှ တရားစွဲဆိုခွင့်ပြုမိန့် ရယူရမည်။
( ခ) အခြားတရားစွဲ အဖွဲ့အစည်းတစ်ခုခုက စုံစမ်းစစ်ဆေး အရေးယူမှုဖြစ်လျှင် ရဲချုပ်ထံမှ ဖမ်းဆီးချုပ်နှောင်ခွင့်နှင့် တရားစွဲဆိုခွင့် ရယူရမည်။
၄၃။ (က) ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ အရေးယူပေးရန် နစ်နာသူတစ်ဦးဦးက တရားရုံးသို့ လျှောက်ထားလာပါက တရားရုံးသည်
သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ စာဖြင့် အသိပေးအကြောင်းကြားရမည်။ ယင်းတပ်ဖွဲ့ဝင်အပေါ် အပြီးသတ်အမိန့်ချမှတ်သည့်အခါ စီရင်ချက်မိတ္တူတစ်စောင်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ပေးပို့ရမည်။
( ခ) ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သက်ဆိုင်ရာ ကြီးကြပ်အုပ်ချုပ်သောအရာရှိထံ ရက်ပေါင်း ၃၀ စာဖြင့် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ၎င်း၏လုပ်ငန်းတာဝန်များ ဆောင်ရွက်မှု နှင့်စပ်လျဉ်းသည့် နစ်နာမှုတစ်ခုခုအတွက် မည်သည့်တရားရုံးတွင်မျှ တရားမမှု စွဲဆိုခွင့် မရှိစေရ။
၄၄။ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တရားရုံးတစ်ခုခုက စုံစမ်းစစ်ဆေးခြင်း၊ စစ်ဆေးစီရင်ခြင်းအတွက် ဆင့်ခေါ်ခြင်းမှအပ ဥပဒေတစ်ရပ်ရပ်အရ တာဝန်ရှိဌာန သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှ စုံစမ်း စစ်ဆေးရန် စာဖြင့် ဆက်သွယ်ညှိနှိုင်းအကြောင်းကြားလာပါက သက်ဆိုင်ရာရဲတပ်ဖွဲ့သည် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။
အခန်း(၁၄)
အငြိမ်းစားယူခြင်း
၄၅။ ရဲတပ်ဖွဲ့ဝင်သည် အောက်ပါပင်စင်အမျိုးအစားများအနက် တစ်မျိုးမျိုးကို သတ်မှတ်ချက်များ နှင့်အညီ ခံစားခွင့်ရှိသည်-
(က) သက်ပြည့်ပင်စင်၊
( ခ) နှစ်ပြည့်ပင်စင်၊
( ဂ) လျော့ပေါ့ပင်စင်၊
(ဃ) နာမကျန်းပင်စင်၊
( င) အထူးပင်စင်။
၄၆။ (က) ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် -
(၁) တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့် ကိစ္စမှတစ်ပါး အသက်(၆၀)နှစ်ပြည့်သောအခါ အငြိမ်းစားယူရမည်ဖြစ်ပြီး သက်ပြည့်ပင်စင်ခံစားခွင့် ရှိစေရမည်။
(၂) အငြိမ်းစားယူရမည့် အသက်မပြည့်သေးသော်လည်း လုပ်သက် နှစ် ၃၀ ပြည့်သည့် အခါ နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။
(၃) အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက် နှစ် ၂၀ ကျော်လွန်လျှင်သော်လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီး လုပ်သက် ၂၅ နှစ် ကျော်လွန်လျှင်သော်လည်းကောင်း လျော့ပေါ့ပင်စင် ခံစားခွင့် တောင်းခံနိုင်သည်။
(၄) မကျန်းမာ၍ တာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်သည့်အခါတွင် သတ်မှတ် ထားသည့် ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင် ခံစားခွင့်ရှိစေရမည်။
(၅) ပုဒ်မခွဲငယ် (၁) မှ (၄)ထိ ပင်စင်တစ်မျိုးမျိုးကို ခံစားခွင့်ရရှိရန် သတ်မှတ်ထားသည့် လုပ်သက်ပြည့်မီခြင်းမရှိပါက လုပ်သက်ဆုငွေ တစ်မျိုးတည်းကိုသာ ခံစားခွင့် ရှိသည်။
( ခ) တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာ ရရှိ၍ မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ၊ ကျဆုံးသွားလျှင်ဖြစ်စေ၊ သတ်မှတ်လုပ်သက် မပြည့်မီသော်လည်း ယင်းတပ်ဖွဲ့ဝင်အား သို့မဟုတ် ကျဆုံးတပ်ဖွဲ့ဝင်၏ မိသားစုအား ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အထူးပင်စင် ခံစားခွင့်ပြုနိုင်သည်။
၄၇။ ရဲတပ်ဖွဲ့ဝင်သည် ပုဒ်မ ၄၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)အရ နှစ်ပြည့်ပင်စင် တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်း မပြုရ။
၄၈။ ပင်စင်နှင့်လုပ်သက်ဆုငွေတို့ကို ခွဲခြား၍ သုံးစွဲသည့်အခါမှတစ်ပါး ပင်စင်ဟူသော ဝေါဟာရတွင် လုပ်သက်ဆုငွေလည်း ပါဝင်သည်။
၄၉။ ရဲတပ်ဖွဲ့ဝင်တစ်ဦး အမှုထမ်းနေစဉ်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်ဖြစ်စေ ကွယ်လွန်လျှင် ကျန်ရစ်သူမိသားစုသည် မိသားစုပင်စင် ခံစားခွင့်ရှိသည်။
၅၀။ ရဲတပ်ဖွဲ့ဝင်သည် နာမကျန်းပင်စင်ယူပြီးနောက် ပြန်လည်ခန့်ထားခံရလျှင်ဖြစ်စေ၊ ရာထူးမှ ထုတ်ပစ်ခြင်းခံရပြီးနောက် ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် အသနားခံခြင်းကြောင့် ပြန်လည်ခန့်ထားခြင်းခံရလျှင်ဖြစ်စေ ယင်း၏ ယခင်ထမ်းဆောင်ခဲ့သည့် လုပ်သက်ကာလကို ပင်စင် ကိစ္စအလို့ငှာ သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းရေတွက် ခွင့်ပြုနိုင်သည်။
၅၁။ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူခံနေရစဉ်အတွင်း အငြိမ်းစားယူရမည့် အသက်ပြည့်စေကာမူ အပြီးသတ်အမိန့် မချမှတ်ရသေးမီ အငြိမ်းစားယူခွင့် မပြုရ။
၅၂။ ရဲတပ်ဖွဲ့ဝင်သည်-
(က) လုပ်သက်ဆုငွေနှင့် ပင်စင်ခံစားခွင့်ကို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
( ခ) ဆန္ဒပြုပါက သက်ဆိုင်ရာဝန်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ် ထားသည့်နှုန်းထားအတိုင်း တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်ရှိသည်။
၅၃။ မသန်စွမ်းရဲတပ်ဖွဲ့ဝင်နှင့် ကျဆုံးရဲတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းဝင် အမွေခံစားခွင့်ရှိသူသည် ပင်စင်ခံစားနိုင်ခွင့်ရှိသည့်အပြင် နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့မှုတစ်ရပ်ရပ်ကိုလည်း သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရှိသည်။
၅၄။ ဝန်ကြီးဌာနသည် ပုဒ်မ ၅၃ အရ ထောက်ပံ့မှု ရရှိနိုင်ရေးအတွက် အစိုးရအဖွဲ့သို့ တင်ပြရမည်။
အခန်း(၁၅)
ရဲတပ်ဖွဲ့ဝင်မှတ်တမ်း
၅၅။ ရဲတပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်မှ အငြိမ်းစားယူသည်အထိ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း၏ ဖြစ်စဉ်မှတ်တမ်းကို သတ်မှတ်ချက်များနှင့်အညီ ထိန်းသိမ်းထားရှိရမည်။
၅၆။ ရဲတပ်ဖွဲ့ဝင်သည် ဌာနကူးပြောင်း တာဝန်ထမ်းဆောင်လျှင် ယင်း၏ဖြစ်စဉ်မှတ်တမ်းကို ကူးပြောင်းတာဝန်ထမ်းဆောင်သည့်ဌာနသို့ ပေးပို့ရမည်။
အခန်း(၁၆)
ထောက်ပံ့ရေးနှင့် ဖြည့်တင်းရေး
၅၇။ ရဲချုပ်သည် ရဲတပ်ဖွဲ့အတွက် လိုအပ်သော နေအိမ်၊ ရုံး၊ အဆောက်အအုံ၊ ယာဉ်၊ ခေတ်မီ စက်ကိရိယာ၊ အသုံးအဆောင်ပစ္စည်းနှင့် လုပ်ငန်းအသုံးစရိတ်များ ဖြည့်တင်းပေးနိုင်ရေးအတွက် ဝန်ကြီးဌာနသို့ တင်ပြရမည်။
၅၈။ ရဲတပ်ဖွဲ့ဝင်၏ ဝတ်စုံ၊ ချပ်ဝတ်တန်ဆာ၊ ရာထူးအဆင့်တံဆိပ်အပါအဝင် အမှတ်အသားတံဆိပ် များကို ဝန်ကြီးဌာန၏ သဘောတူညီချက်နှင့် အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် သတ်မှတ်အသုံးပြုရမည်။
၅၉။ ရဲတပ်ဖွဲ့သည် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများထံမှ နည်းပညာ၊ ငွေကြေး၊ ပစ္စည်းနှင့်အခြား ကူညီထောက်ပံ့မှုများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ကိုရယူ၍ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရယူနိုင်သည်။
အခန်း (၁၇)
စည်းကမ်းသေဝပ်တည်ငြိမ်ရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ
အရေးယူပိုင်ခွင့်များ
၆၀။ ရဲတပ်ဖွဲ့ဝင်သည် အောက်ပါကိစ္စရပ်များနှင့် သက်ဆိုင်ပါက ဝရမ်းမပါဘဲ ဖမ်းဆီးအရေးယူ ပိုင်ခွင့်ရှိသည်-
(က) အများပြည်သူဆိုင်ရာနေရာ သို့မဟုတ် လမ်း၊ ဘာသာရေးပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲလမ်း သဘင်အခမ်းအနားများ ကျင်းပသည့်နေရာတွင် တမင်လမ်းပိတ်ဆို့မှု ဖြစ်ပေါ်စေခြင်း သို့မဟုတ် စည်းကမ်းသေဝပ်တည်ငြိမ်မှု ပျက်ပြားစေရန် ပြုမူဆောင်ရွက်ခြင်း၊
( ခ) အများပြည်သူဆိုင်ရာ နေရာများ၊ ပွဲလမ်းသဘင်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဘာသာရေး ပွဲများ၌ အန္တရာယ်ပြုနိုင်သည့် ပစ္စည်းကိရိယာများ ကိုင်တွယ်ယူဆောင်ခြင်း၊
( ဂ) အများပြည်သူဆိုင်ရာနေရာ သို့မဟုတ် လမ်းတွင်ရှိနေသူများကိုဖြစ်စေ၊ ခရီးသည် များကိုဖြစ်စေ အဟန့်အတားဖြစ်စေရန်၊ စိတ်ငြိုငြင်စေရန်၊ ဘေးဖြစ်စေရန်၊ စိုးရိမ်ဖွယ် ဖြစ်စေရန် သို့မဟုတ် နစ်နာစေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း-
(၁) ကျွဲ၊ နွား တိရစ္ဆာန်ကို မဆင်မခြင် မောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာ စီးခြင်း၊ ထိန်းကျောင်းခြင်း သို့မဟုတ် လေ့ကျင့်ခြင်း၊
(၂) ကျွဲ၊ နွား တိရစ္ဆာန် အသေကောင်ကို ဖျက်ခြင်း၊
(၃) ကျွဲ၊ နွား တိရစ္ဆာန်ကို ရက်စက်စွာ ရိုက်နှက်ခြင်း သို့မဟုတ် ညှဉ်းပန်းခြင်း၊
(၄) ကျွဲ၊ နွား တိရစ္ဆာန်ကိုဖြစ်စေ၊ ယာဉ်ရထားတစ်မျိုးမျိုးကိုဖြစ်စေ ကုန်တင်၊ ကုန်ချ သို့မဟုတ် ခရီးသည် အတက်အဆင်းပြုလုပ်ရန် လိုအပ်သည့် အချိန်ထက် ပို၍ ရပ်တန့်ထားခြင်း၊
(၅) ကုန်တင်ကုန်ချရေးအတွက် ခွင့်ပြုထားသော အချိန်ထက်ကျော်လွန်၍ လမ်းမ၊ မြေလမ်း စသည်တို့ပေါ်တွင် မည်သည့်ကုန်ပစ္စည်းများမဆို ထားရှိခြင်းအားဖြင့် အများပြည်သူအား အတားအဆီးအနှောင့်အယှက်ဖြစ်စေခြင်း၊
(၆) အရက်သေစာသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ သတ်ပုတ်နှောင့်ယှက်ခြင်း၊ ငြိမ်ဝပ်ပိပြားမှုပျက်ပြားစေခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ စော်ကားရန်စခြင်း သို့မဟုတ် ရိုင်းပြသည့် ကိုယ်နှုတ်အမူအရာ ပြုလုပ်ခြင်း။
(ဃ) ရဲတပ်ဖွဲ့ဝင်တစ်ဦးက အောက်ပါနေရာတစ်ခုခုတွင် မသင်္ကာဖွယ်ရာတွေ့ရှိ၍ မေးမြန်း သည့်အခါ ထိုသူသည် ထိုနေရာသို့ မည်သည့်အတွက် ရောက်ရှိနေကြောင်း ခိုင်လုံစွာ ဖြေကြားရန် ပျက်ကွက်ခြင်း-
(၁) နေဝင်ချိန်နှင့် နေထွက်ချိန်အကြား စျေး၊ လမ်း၊ နောက်ဖေးလမ်းကြား၊ ဝင်းခြံ တစ်ခုခု၊
(၂) လူနေအိမ် သို့မဟုတ် အဆောက်အအုံတစ်ခုခု၏ ဥပစာအတွင်း သို့မဟုတ် ရေယာဉ် သို့မဟုတ် ယာဉ်တစ်ခုခု၊
(၃) မျက်နှာဖုံးအုပ်၍သော်လည်းကောင်း၊ ရုပ်ဖျက်၍သော်လည်းကောင်း နေဝင်ချိန် နှင့် နေထွက်ချိန်အကြား သွားလာနေသည်ကို တွေ့ရှိရသူ။
( င) အများပြည်သူတို့အား အနှောင့်အယှက်ဖြစ်စေရန် လမ်းများ၊ အများပြည်သူဆိုင်ရာ နေရာများတွင် အောက်ဖော်ပြပါ ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း-
(၁) နေဝင်ပြီးချိန်နှင့် နေမထွက်မီ အချိန်ကာလအတွင်း လုံလောက်ကျနစွာ တပ်ဆင်ထားသော မီးတစ်စုံတစ်ရာမပါရှိသည့် မည်သည့်ယာဉ်မျိုးကိုမဆို မောင်းနှင်စီးနင်းသွားလာခြင်း၊
(၂) အခါကာလအားလျော်စွာ ခွင့်ပြုသော အချိန်များနှင့်နေရာ၊ အလုပ်များမှအပ အနှောင့်အယှက်ဖြစ်စေလောက်အောင် ဘင်၊ မောင်း စသည်တို့ကို တီးခတ်ခြင်း သို့မဟုတ် ခရုသင်း၊ ခရာ၊ လေမှုတ်ကိရိယာများကို မှုတ်ခြင်း သို့မဟုတ် ကြေး၊ အိုးခွက် စသည်များကို တီးခေါက်ခြင်း စသည့် အများပြည်သူစိတ်ငြိုငြင်စေရန် ပြုလုပ်ခြင်း၊
(၃) ဘောလုံးကန်ခြင်း၊ စွန်လွှတ်ခြင်း၊ အခြားအားကစားနည်းမျိုးကို ပြုလုပ်ခြင်း၊
(၄) တောင်းရမ်းခြင်း သို့မဟုတ် လိမ်လည်အလှူခံခြင်း။
( စ) အဆောက်အအုံအတွင်းမှဖြစ်စေ၊ အပြင်မှဖြစ်စေ၊ အများပြည်သူစိတ်ငြိုငြင်စေရန်၊ အနှောင့်အယှက်ဖြစ်စေရန် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုတစ်ခုခုဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊
(ဆ) ခိုးရာပါပစ္စည်းဖြစ်သည်ဟု သင်္ကာမကင်းရန်ရှိသော ပစ္စည်းတစ်ခုခုကို လက်ရှိထား ကြောင်း သို့မဟုတ် တစ်နည်းနည်းဖြင့် သယ်ယူပို့ဆောင်ကြောင်းတွေ့ရှိ၍ ရဲတပ်ဖွဲ့ဝင် တစ်ဦးက မေးမြန်းသည့်အခါ ထိုပစ္စည်း မိမိလက်ဝယ်၌ရှိခြင်းအကြောင်းကို ခိုင်လုံစွာ ဖြေကြားရန် ပျက်ကွက်ခြင်း၊
( ဇ) ပြည်သူပိုင်၊ အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် အဆောက်အအုံ၊ နံရံ၊ ဝင်းထရံ သို့မဟုတ် ပစ္စည်းတစ်ခုခုပေါ်တွင် တာဝန်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူ၏ သဘောတူညီမှု မရရှိဘဲဖြစ်စေ ကြော်ငြာကပ်ခြင်း၊ မြေဖြူ၊ ဆေး၊ အခြားတစ်နည်းနည်းဖြင့် ရေးသားခြင်း၊ ရေးဆွဲခြင်းနှင့် အသွင် ပြောင်းလဲစေခြင်း၊
( ဈ) ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးက ဥပဒေနှင့်အညီ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် သို့မဟုတ် ဆောင်ရွက်ရန် အားထုတ်ရာတွင် မလျော်သြဇာသုံး၍ဖြစ်စေ၊ တစ်နည်း နည်းဖြင့်ဖြစ်စေ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ မဖွယ်မရာ ပြောဆိုခြင်း၊ ခုခံခြင်း သို့မဟုတ် တားဆီးခြင်း။
၆၁။ (က) မည်သူမဆို ပုဒ်မ ၆၀၊ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ)ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး တစ်လမှ အများဆုံး သုံးလထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသောင်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
( ခ) မည်သူမဆို ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဂ)ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သုံးသောင်းမှ အများဆုံး ကျပ်တစ်သိန်းထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
( ဂ) မည်သူမဆို ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဃ)အရ ခိုင်လုံစွာဖြေကြားရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သုံးသောင်းမှ အများဆုံး ကျပ်တစ်သိန်းထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ဃ) မည်သူမဆို ပုဒ်မ ၆၀၊ ပုဒ်မခွဲ (င) သို့မဟုတ် ပုဒ်မခွဲ(စ)ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး တစ်လမှ အများဆုံး သုံးလထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသောင်းထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
( င) မည်သူမဆို ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဆ) အရ ခိုင်လုံစွာဖြေကြားရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး သုံးလမှ အများဆုံး တစ်နှစ်ထိ ချမှတ်ရမည်။
( စ) မည်သူမဆို ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဇ)ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး တစ်လမှ အများဆုံး သုံးလထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသောင်းထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ဆ) မည်သူမဆို ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဈ)ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်ထိ ချမှတ်ရမည်။
အခန်း (၁၈)
အထွေထွေ
၆၂။ အစိုးရဌာနနှင့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအပါအဝင် မည်သူမဆို စုပေါင်း အိမ်ရာ၊ စျေး၊ လူအများအပြား စုဝေးအသုံးပြုမည့် အဆောက်အအုံ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်ရုံ၊ အလုပ်ရုံများ ဆောက်လုပ်ပါက -
(က) အဆောက်အအုံ၏ ပုံစံနှင့်ဖွဲ့စည်းပုံကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ရမည်။
( ခ) လုံခြုံရေးနှင့်စပ်လျဉ်း၍ လိုအပ်ပါက ရဲတပ်ဖွဲ့သို့ အကြံပြုချက်များ တောင်းခံ နိုင်သည်။
၆၃။ တာဝန်ထမ်းဆောင်စဉ် အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက် အကျိုးခံစားခွင့်ကို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရမည်။
၆၄။ ဤဥပဒေအရ အရေးယူသောပြစ်မှုများကို ကျူးလွန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ ထက် ကျော်လွန်ပါက တရားစွဲဆိုခြင်း မပြုရ။
၆၅။ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ ခန့်အပ်ထားသည့် ရဲတပ်ဖွဲ့ဝင်မဟုတ်သော နိုင်ငံ့ဝန်ထမ်းများနှင့် စပ်လျဉ်း၍ ဝန်ထမ်းရေးရာကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၆၆။ တပ်ဖွဲ့နှင့် ရဲလေ့ကျင့်ရေးကျောင်းများသည် အပ်နှင်းထားသော သီးခြားတာဝန်များကို ဆောင်ရွက်ရန် လုပ်ငန်းလက်စွဲများကို ရေးဆွဲထားရှိရမည်။
၆၇။ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲစခန်းနှင့် ရဲကင်းစခန်းများတွင် တာဝန် ဝတ္တရားဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် မှတ်ပုံတင်စာအုပ်များ၌ ရေးသွင်းရမည်။
၆၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
( ခ) ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သည်။
( ဂ) ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့သည် ရဲလုပ်ငန်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအတွက် ရဲလက်စွဲကို လိုအပ်သလို ပြုစုရေးဆွဲ ထုတ်ပြန်နိုင်သည်။
၆၉။ အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
(က) The Yangon Police Act, 1899, (Act IV,1899 Vol 1.)
( ခ) The Police Act, 1945, (Act VI,1945 Vol 1.)
( ဂ) ၁၉၅၉ ခုနှစ်၊ ကရင်ပြည်နယ်ရဲအဖွဲ့အက်ဥပဒေ (ကရင်ပြည်နယ်အက်ဥပဒေအမှတ်၊ ၂/၁၉၅၉)
(ဃ) ၁၉၅၉ ခုနှစ်၊ ကယားပြည်နယ်ရဲအဖွဲ့အက်ဥပဒေ (ကယားပြည်နယ်အက်ဥပဒေအမှတ်၊ ၄/၁၉၅၉)
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်-
(ပုံ)မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ