နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ် နေပြည်တော်၊ မတ် - ၂၄

Thursday, March 24, 2022 - 16:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့
(၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ မတ် - ၂၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂)ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

          သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချ ထားပေးသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်မှု တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများဖွဲ့စည်း၍ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်း ဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ တက်ရောက်ခဲ့ပြီး ညှိနှိုင်းရေးကော်မတီနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့မှုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက် အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ဖက်ဒရယ်နှင့်ပတ်သက်၍ ပါတီများနှင့် တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးသွားရန် ဆောင်ရွက်နေသည်များ၊ မြန်မာနိုင်ငံကကျင့်သုံးနေသည့် လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့်မူဝါဒတို့ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်များ၊ တိုင်းပြည်၏ ပြည်တွင်းအားဖြင့် လုပ်ဆောင်နိုင်သည့် ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်မှု၊ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိမှုနှင့် တိုင်းရင်းသားပြည်သူ အားလုံးပါဝင်သည့် ကာကွယ်ရေးစွမ်းအား တို့အတွက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်သူလူထု၏ စီးပွားရေးနှင့် ကူးသန်းဆက်သွယ်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ့မီးရထားကို ပြန်လည် အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် အခြေအနေများ။

          နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရည်မြင့်မား ရေးအတွက် ပညာရေးမြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဒီမိုကရေစီနိုင်ငံ အတွက်အရေးကြီးသည့် ပြည်သူများ၏ အတွေးအခေါ်မှန်ကန်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပညာအခြေပြုလူ့စွမ်းအားအရင်း အမြစ်များဖြင့် လူမှုစီးပွားတိုးတက်စေရန်အတွက် ပညာရေးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင် ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် မြန်မာနိုင်ငံစောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (CTFMR)တို့အကြား သဘောတူ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဉပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လတ်တလောပျံ့နှံ့နေသည့် ငွေတုကိစ္စနှင့်ပတ်သက်သော သတင်းများသည် အခြေ အမြစ်မရှိသည့် ကောလာဟလသတင်းများဖြစ်ပြီး online လိမ်လည်မှုများဖြစ်သည့် အတွက် ဖမ်းဆီးဖော်ထုတ်ခဲ့မှုများ၊ နိုင်ငံတော်အစိုးရအနေဖြင့် လာမည့်ရွေးကောက် ပွဲကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ NUG PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ၊ အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ၊ ဓားပြတိုက်မှုများ၊ ဆက်ကြေးကောက် မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုများကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးဆောင်ရွက်မည့် အခြေအနေများနှင့် နိုင်ငံ ရေးပါတီများအား စစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းများပြုစုခြင်း အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို PowerPoint Presentation များဖြင့် ရှင်းလင်း ပြောကြားသည်။

          ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်း မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများနှင့် တာဝန်ထမ်းဆောင်မှု တစ်နှစ်တာကာလ ကောက်နုတ်ချက်များ၊ အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက် များ၊ NUG PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှု မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံ ကြည့်ရှုလေ့လာကြသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြား­မှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။