နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလ ရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း အဆိုပါပြည်ပရောက်မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလများကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ ဗိုလ်မှူးချုပ် နိုင်မင်းကျော် ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထွက်ခွာခဲ့သည်။
မြန်မာ့တပ်မတော်မှ စစ်ရေယာဉ် ၃ စီးသည် မလေးရှားနိုင်ငံ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းတွင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်းလက်ခံ ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် နေရပ်ပြန်ရန်အတွက် မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ် (CofI) ထုတ်ယူထားရှိပြီးသူများဖြစ်ကာ Covid-19 ရောဂါပိုးရှိ/ မရှိ ဆေးစစ်အောင်မြင်ပြီးသူများဖြစ်ကြောင်း သိရှိရသည်။ စစ်ရေယာဉ်များသို့ ရောက်ရှိလာသော နေရပ်ပြန်မည့်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဝတ်အစားအသုံးအဆောင်များ ထောက်ပံ့ပေးခြင်းနှင့် စနစ်တကျကြိုဆိုနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်များနှင့်အတူ လိုက်ပါလာသော မြန်မာနိုင်ငံ သားများအား ၎င်းတို့၏ မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်ရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက်လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းတို့ကို ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အပါအဝင် စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေ သည့် တပ်မတော်သားများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာ နိုင်ငံသို့ ပြန်လာရန်အခက်အခဲဖြစ်ပေါ်နေသူများအား ယခင်အစိုးရလက်ထက်တွင် ခေါ်ယူရန် တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့သည့်အတွက် ခေါ်ယူမှုမအောင်မြင် ခဲ့ကြောင်း၊ ယခုမှသာ ခေါ်ယူမှုအောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။