ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ် အသီးသီးချမှတ်
နေပြည်တော်၊ မတ် - ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝဇီရာ(၈)လမ်းနေ ဇော်လင်းထွန်း(ခ)ဇွဲကို(ခ)ဒီမွန်(ဘ)ဦးကျော်လွင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ နွယ်နီ(၃)လမ်းနေ အထက်တန်းပြဆရာမတစ်ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်ရှိ လုံခြုံရေးရဲကင်း စခန်းနှင့် အမှတ်(၃၇)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ EPC ရုံးတို့အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာတွင်ပါဝင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာနေ နွယ်ထွန်း(ခ)လွယ်ထွန်း(ခ)ဥူးဝိမလ(ဘ) ဦးမြင့်ဦးသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာ လမ်းနေ အပြစ်မဲ့ပြည်သူ ၂ ဦးအား သတင်းပေး၊ ဒလန်ဟုစွပ်စွဲ၍ မီးရှို့၊ ရိုက်နှက် သတ်ဖြတ်ခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၂(၂)/ ၁၁၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ဖြိုးကျော်ဇင် (ခ)ကိုဖြိုး(ဘ) ဦးအောင်ကျော်စိုး၊ ကောင်းမြတ်(ခ)စောကောင်းမြတ်(ခ)ဖြိုးမောင်မောင် (ဘ)ဦးရဲမြင့်ထွန်း၊ ကိုကို(ဘ)ဦးတင်မောင်နှင့် ဝင်းကို(ဘ) ဦးဝင်းကျော်တို့ ၄ ဦးသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်(၃)လမ်း၊ ပါရမီ ဆေးခန်းရှိ သူနာပြုဆရာမကြီးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ် ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၂(၁) (ခ)/ ၃၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းတို့အား “သေဒဏ်” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။