(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ ကျင်းပ
နေပြည်တော် မတ် ၂၂
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အနုပညာရှင်များက ဂီတ ဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာသံစဉ်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများကို သီဆို ဖျော်ဖြေကြသည်။
ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှုအားပေးကြ သည်။
ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး၊ တာဝန်ရှိသူများက သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာ ရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။