၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ  မဟာမင်္ဂလာ အခမ်းအနားကျင်းပ နေပြည်တော်  မတ်  ၁၆

Wednesday, March 16, 2022 - 15:45

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ  မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်  မတ်  ၁၆

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာန နာယက ဆရာတော်၊  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ နှင့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး တို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်  ဗဟိုဘဏ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက အခမ်းအနား ဖွင့်စာတမ်းကိုဖတ်ကြားလျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ အင်းစိန်မြို့၊ ရွာမ အနောက်ရပ်ကွက်၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ က သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာ ရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဗန်းမော်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့၊ မဇ္ဈိမာရုံ ပါရမီစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒသာရထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်သည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သန်လျင်မင်းကျောင်းဆရာတော်ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဌေးပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏဝံသထံ ဘွဲ့တံဆိပ်တော် နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာ ဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ  ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဝေဇယန္တာ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ နရာသဘာ ဘိဝံသထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော် ကြသည်။

ဆက်လက်၍ ကောင်စီဝင် မန်းငြိမ်းမောင်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိ ယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဒေါ်အေးနုစိန်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၊ မိုင်းကောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ သုဓမ္မာ  စာရာဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဦးမောင်းဟာက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အင်းသာအရှေ့ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ ထံလည်းကောင်း၊ ကောင်စီဝင် ဦးစိုင်းလုံးဆိုင် က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ တိုင်တစ်ရာ အရှေ့ကျောင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇိနောဒယ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်များ ဆက်ကပ် ပူဇော်ကြသည်။

ထို့နောက် ကောင်စီဝင် ဒေါက်တာ ဗညားအောင်မိုးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ တောင်စလင်း တိုက်သစ်ဆရာတော် ဘဒ္ဒန္တ တိက္ခ ထံလည်းကောင်း၊ ကောင်စီဝင် ဦးရွှေကြိမ်းက  အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဒက္ခိဏာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတာလင်္ကာရ ထံလည်းကောင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က  အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့၊ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုမန ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် ပူဇော်ကြသည်။

ဆက်လက်ပြီး ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်၊ စိတ္တသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဘဒ္ဒန္တ ဓမ္မပိယထံ လည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဓမ္မသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်း ဆရာတော်  ဘဒ္ဒန္တ နာရဒထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးက အဂ္ဂမဟာပဏ္ဍိတ ဘွဲတံဆိပ်တော်ရ မန္တလေးမြို့၊ မဏိရတနာ မြတောင်ကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တ အင်္ကုရနှင့် ကျောက်ဖြူမြို့၊ ဘုရားကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝထံလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ရ ရေးမြို့နယ်၊ ပရိယတ္တိမာမက ဓမ္မရက္ခိတ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ခန္တီ ၊ ဘားအံမြို့နယ်၊ ဇွဲကပင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကဝိဓဇနှင့် ခရမ်းမြို့နယ်၊ ကမာကလူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏဝံသထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက  အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ ဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ သာသနာ့ဗိမာန် စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဣန္ဒသိင်္ဂီနှင့် စစ်ကိုင်းမြို့၊ ဒေါ်ဝိဇ္ဇာနန္ဒီ ကံသာကျောင်းသီလရှင်ဆရာကြီး ဒေါ်အဉ္စနဝတီ တို့ထံလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ ပဋိပတ္တိ ပရဟိတသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါက်တာဒေါ်ဆေကဝတီ ထံ လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များကို ချီးမြှင့်ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာ သီရိ သုဓမ္မ မဏိဇောတဓရဘွဲ့ရရှိသည့် ဦးစိုင်းမွန်အား ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီဘွဲ့ရရှိကြသည့် ဒေါက်တာ စန်းစန်းရီနှင့် ဒေါက်တာခင်မြဝင်းတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ရဟန်း ၂၈၄ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၁ ဦးတို့ကို သာသာနာတော် ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်ခဲ့ပြီး ယနေ့ကျင်းပသည့် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊   အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး  ၈ ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ် တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃   ပါး၊  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး တို့အား သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခဲ့ကာ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ    လူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်ရလူပုဂ္ဂိုလ် ၂ ဦးတို့ကိုလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့‌သည်။ ကျန်ရှိသည့် ဆရာတော်ကြီးများ၊ သီလရှင်ကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အသီးသီး ဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရှိရသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး တို့သည်  ပြည်ပဘွဲ့ခံ ဆရာတော်များဖြစ်ကြသည့် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲတံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ Sithulpawwa Rajamaha Viharaya, Galle ကျောင်းတိုက်ဆရာတော် Venarable Metarenba Hemaratana Nayaka Thero နှင့် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ University of Kelaniya ဆရာတော် Director Venerable Medawachchiye Dhammajothi Thero တို့အား ဆရာတော်များ ခေတ္တသီတင်းသုံးလျက်ရှိသည့်နေရာသို့ သွားရောက်ဖူးမြော် ကြည်ညို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ယခုကဲ့သို့ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို လာရောက်ဆက်ကပ်ခံယူခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊ မိမိတို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံ ဖြစ်သကဲ့သို့ သီရိလင်္ကာနိုင်ငံသည်လည်း ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း လျှောက်ထားသည်။

ထို့နောက် ဆရာတော်က ယခုကဲ့သို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့သည် ကိုးကွယ်သည့်ဘာသာများတူညီသကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးသည် လည်း နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲလျက်ရှိကြောင်း၊ သီရိလင်္ကာနိုင်ငံရှိ University of Kelaniya တွင်လည်း မြန်မာနိုင်ငံမှ သံဃာတော်အပါး ၃၀၀ ကျော် တက်ရောက်၍ သာသနာတော်ဆိုင်ရာပညာရပ်များကို သင်ယူလျက်ရှိသကဲ့သို့ အခြားနိုင်ငံများမှလည်း လာရောက်သင်ယူလျက်ရှိပါကြောင်း၊ မိမိတို့ တက္ကသိုလ်အနေဖြင့် လည်း မြန်မာနိုင်ငံရှိ သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း မိန့်ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သီရိလင်္ကာနိုင်ငံတွင် မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များ ပညာသင်ကြားရာ ၌ အဆင်ပြေစေရေးအတွက် မိမိအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်အပါအဝင် ဗုဒ္ဓတက္ကသိုလ် များ ဖွင့်လှစ်ထားရှိပြီး ဥရောပနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများမှ စာသင်သံဃာ တော်များနှင့်သီလရှင်များလည်း လာရောက် သင်ကြားလျက်ရှိပါကြောင်း၊ ထိုသို့ သာသနာရေးဆိုင်ရာ ပညာရပ်များကို သင်ကြားနိုင်ရေးအတွက် နိုင်ငံအသီးသီးရှိ ဆရာတော်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုသည် ထေရဝါဒဗုဒ္ဓ သာသနာပြန့်ပွားမှုကို များစွာအထောက်အကူပြုစေပါကြောင်း၊ အလားတူ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို လည်း ထုဆစ်တည်ဆောက်လျက်ရှိပြီး ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာ များကို စကျင်ကျောက်တော်များ၌ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေခြင်းမှာ ထေရဝါဒဗုဒ္ဓ သာသနာ တော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်းဖြင့် လျှောက်ထား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင်အား ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။