(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပပြုလုပ် နေပြည်တော်၊ မတ် - ၁၆

Wednesday, March 16, 2022 - 15:45

(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၁၆

          (၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး ကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဉက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပွဲတော်ကျင်းပရေးကော်မတီ ဉက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူး ဦးခွန်သိန်းဖေ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ ပွဲတော်ကျင်းပရေးကော်မတီ ဉက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က သဝဏ်လွှာများကို ဖတ်ကြား ကြသည်။ ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီးမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ က ဖတ်ကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ပွဲတော်ဖြစ် မြောက်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ပွဲတော်ကျင်းပရေးကော်မတီ ဉက္ကဋ္ဌ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။    ၎င်းနောက် ပွဲတော်ကျင်းပရေးကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။