ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဉီးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ဆိုင်ရာ Special Forces Command သို့ သွားရောက်လေ့လာ

Tuesday, March 15, 2022 - 14:30

 

နေပြည်တော်၊ မတ် - ၁၅

ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဉီးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် သူရလှမင်း တို့လိုက်ပါ၍  ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ Special Forces Command သို့ သွာရောက်လေ့လာကြသည်။

ဉီးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဉီးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် Special Forces Command သို့ ရောက်ရှိရာ အထူးတပ်ဖွဲ့ဒုတိယတပ်မှူး Brigadier General MUON SAMET နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ဂုဏ်ပြုတပ် ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အထူးတပ်ဖွဲ့ Special Forces Command အစည်းအဝေးခန်းမ တွင် အထူးတပ်ဖွဲ့ ဒုတိယတပ်မှူးက အထူးတပ်ဖွဲ့သမိုင်းကြောင်း၊ တပ်ဖွဲ့ဆိုင်ရာ များနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခဲ့မှုမှတ်တမ်းများအား Movie Clip ဖြင့် ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး အထူးတပ်ဖွဲ့အစည်း အဝေးခန်းမရှေ့တွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် Special Forces Command မှ တပ်ဖွဲ့ဝင်များ၏ ကိုယ်ခံပညာ စွမ်းရည်သရုပ်ပြလေ့ကျင့်နေမှု၊ ယုံကြည်မှုကွင်းအတားအဆီးများနှင့် တစ်ဦးချင်း နည်းစနစ်ကွင်း အတားအဆီးများ ဖြတ်ကျော်ခြင်းများနှင့်  ဓားစာခံ ကယ်ထုတ်ခြင်း အပါအဝင် အခြားသရုပ်ပြနေမှုများကို ကြည့်ရှုကြပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုနှုတ်ဆက်ခြင်းကိုခံယူပြီး ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။