အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ
ဒသမအစည်းအဝေး ပထမနေ့ကျင်းပ
ရန်ကုန် - မတ် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သေဋ္ဌိလ က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။
အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာ ကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသ က အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကလာကို မြွတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ တတိယ အကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလ ကလည်းကောင်း၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို အဖွဲ့ဝင်ဆရာတော် များကလည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ဆက်လက်၍ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်များက ဝေဖန်ဆွေးနွေးကြပြီး အစည်းအဝေးကို နံနက်ပိုင်းတွင် ရပ်နား သည်။
ထို့နောက် ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူ လျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်(ငြိမ်း)တို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ နှင့် အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ တို့ထံ ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများလျှောက်ထားကာ နဝကမ္မ အလှူတော်ငွေတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အစည်းအဝေး ပထမနေ့(ဒုတိယပိုင်း)ကို မွန်းလွဲ ၁ နာရီတွင် ဆက်လက် ကျင်းပခဲ့ပြီး ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများကို တင်ပြလျှောက်ထားကြရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်များက ဝေဖန်ဆွေးနွေးတေမူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ် ဦးဇေသူအောင်နှင့် ဇနီး ဒေါ်ပွင့်ငုံ မိသားစုနှင့် နေ့ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)နှင့် ဇနီး ဒေါ်ကြိုင်ကြိုင် အမှူးပြုသည့် ဓမ္မမိတ်ဆွေများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။