ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ချက်
၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်)
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများနှင့် အမျိုးသားလွှတ်တော် ဆိုင်ရာနည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မြောက်ခြင်း မရှိသေးသည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့်မရှိသေးသူများက “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ” (CRPH)အမည်ဖြင့် ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သဖြင့် ယင်းတရားမဝင် ကော်မတီတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ထိုသို့ ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပြီးဖြစ်ပါသည်။
၂။ ယခုအခါ အဆိုပါ CRPH က အစိုးရဖွဲ့စည်းခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းခြင်း စသည့် ဥပဒေနှင့်ဆန့်ကျင်သည့်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို လုပ်ဆောင်လာကြောင်း တွေ့ရှိရပါသည်။ ယင်းသို့သော လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည့် အပြင် ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ရာရောက်ပြီး သေဒဏ်ဖြစ်စေ၊ နှစ်ဆယ်နှစ်ကာလအထိ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်သည့် ပြစ်မှုဖြစ်ပါသည်။ ထို့အပြင် CRPH နှင့် CRPH ကဖွဲ့စည်းသည့်အဖွဲ့အစည်းများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းမရှိ သော်လည်း CRPH ကိုအထောက်အကူပြုစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများကို တာဝန်ပျက်ကွက်အောင် ဆွဲဆောင်စည်းရုံးသူများ၊ လှုံ့ဆော်သူများ၊ ခြိမ်းခြောက်သူများသည် ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃအရ အစိုးရအမှုထမ်းများအား ဟန့်တားခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းကို ကျူးလွန်ရာရောက်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုဖြစ်ပါသည်။
၃။ သို့ပါ၍ နိုင်ငံတော်တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲ့ အစည်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်သူများ၊ CRPH နှင့် CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းများကို အားပေးကူညီသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင် ဆောင်ရွက်ခြင်းမပြုကြရန် ထပ်မံအသိပေးထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ