(၄၀) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဦးဆောင်တက်ရောက်ခဲ့သည့်သတင်း (၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်မှ ၄ ရက်အထိ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့)

Monday, March 7, 2022 - 15:15

(၄၀) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ညီလာခံသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဦးဆောင်တက်ရောက်ခဲ့သည့်သတင်း

(၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်မှ ၄ ရက်အထိ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့)

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သည့် (၄၀)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ တက်ရောက်ခဲ့ပါ သည်။

အထက်ပါ (၄၀) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်း ရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ ဆွေးနွေးဘက် နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ တူရကီ၊ ဗြိတိန်၊ ဩစတြေးလျနိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ၊ လေ့လာဘက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော ကနေဒါ၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (International Association of Chiefs of Police - IACP)၊ Federal Bureau of Investigation (FBI) တို့မှ အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

ညီလာခံအစီအစဉ်အနေဖြင့် ၁-၃-၂၀၂၂ ရက်နေ့တွင် (၁၁) ကြိမ်မြောက် အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကိုလည်းကောင်း၊ ၂-၃-၂၀၂၂ ရက်နေ့တွင် (၄၀) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ညီလာခံဖွင့်ပွဲအခမ်းအနား၊ ပထမအကြိမ်စုံညီအစည်းအဝေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲ၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏တွေ့ဆုံဆွေးနွေးပွဲ၊ ကော်မရှင် A ၊ B ၊ C အစည်းအဝေးများကိုလည်းကောင်း၊ ၃-၃-၂၀၂၂ ရက်နေ့တွင် အာဆီယံ ရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဂေါက်သီးရိုက် အားကစားအဖွဲ့များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲတို့ကိုလည်းကောင်း၊ ၄-၃-၂၀၂၂ ရက်နေ့တွင် ဒုတိယအကြိမ်စုံညီ အစည်းအဝေးနှင့် (၄၀) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ညီလာခံပိတ်ပွဲအခမ်းအနား တို့ကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ပြုလုပ်ခဲ့သော ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန် မှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု၊ စီးပွားရေးဆိုင်ရာလိမ်လည်မှု၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်မှု၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူ အညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေးအစီအစဉ်၊ မှုခင်းဆေးသိပ္ပံ ဆိုင်ရာချိတ်ဆက်ဆောင်ရွက်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်၊ ၀၉၀၀ နာရီတွင် အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတို့က ငြိမ်းချမ်းရေး  နန်းတော် (Peace Palace) သို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Sen အား ဂါရဝပြု တွေ့ဆုံခဲ့ကြပါသည်။

ယင်းနေ့ ၁၁၀၀ နာရီတွင် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အလုပ်အမှုဆောင်ညွှန်ကြား ရေးမှူး တာဝန်လွှဲပြောင်း/ လက်ခံခြင်း အခမ်းအနားကို Sokha Phnom Penh ဟိုတယ်၊ Riang Sap ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်လင်းထွန်းက စင်္ကာပူနိုင်ငံ ရဲတပ်ဖွဲ့၊ Deputy Assistant Commissioner Jim Wee ထံမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး တာဝန် လွှဲပြောင်းလက်ခံခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မလေးရှားနိုင်ငံရဲတပ်ဖွဲ့၊ စင်္ကာပူနိုင်ငံရဲတပ်ဖွဲ့တို့မှ ရဲချုပ်များနှင့် ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်တို့ တက်ရောက် ခဲ့ကြပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး တာဝန်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်းပင်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်၊ ဒေသစံတော်ချိန် ၁၉၂၀ တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။