ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း​​​​​​​ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Friday, March 4, 2022 - 15:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၄

၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ယနေ့ ကျင်းပသည့်အစည်းအဝေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်း လျာထားချက်များကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးသို့ မတင်ပြမီ စိစစ်သည့်အစည်းအဝေးဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တိုင်းဒေ သကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများနှင့် ဗီဒီယိုကွန်ဖရင်ဖြင့် ချိတ်ဆက်၍ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ရက်တို့တွင် ညှိနှိုင်းစိစစ် ထားပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်  ထပ်မံဆွေးနွေးပြီး ဘဏ္ဍာ ရေး ဆိုင်ရာကော်မရှင်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည်နိုင်ငံတော်က ဘဏ္ဍာရေးနှစ်ကို ပြန်လည် ပြောင်းလဲ ပြင်ဆင်သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်သည့် ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်ကာ (၁)နှစ်တာ ကာလဘတ်ဂျက်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်  ဘတ်ဂျက်များ လျာထားရာတွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ အကျိုးစီးပွားလိုအပ် ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်မည့်လုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အထောက်အကူပြုစေသည့် အသုံးစရိတ်များ ဦးစားပေးသတ်မှတ်လျာထားကြသည်ကိုတွေ့ရကြောင်း။

 ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် ကမ္ဘာ့နိုင်ငံရေးဇတ်ခုံ ပြောင်းလဲမှု ဖြစ်စဉ်များအရ နိုင်ငံတော်၏ ကဏ္ဍစုံရငွေများလျော့နည်းနိုင်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ လိုငွေအတွက် ပြည်ထောင်စုမှထောက်ပံ့ငွေကို ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကထက် ၁၂ ရာခိုင်နှုန်းလျော့နည်းပြီး ၈၈ ရာခိုင်နှုန်းအထိ ထောက်ပံ့ထားသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ အခွန်ဝေစုကိုလည်း အလားတူ လျော့နည်းခွဲဝေ ပေးခဲ့ရကြောင်း၊  သို့ရာတွင် ပြည်ထောင်စုမှ ထောက်ပံ့ငွေရငွေနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ် ရငွေအပေါ်မူတည်၍ ပြည်သူလူထု၏ လိုအပ်ချက်များကိုတိုက်ရိုက် အကျိုးပြုစေမည့်လုပ်ငန်း များကို ထိရောက်စွာသုံးစွဲကြရန် တိုက်တွန်းလိုကြောင်း။

 ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အားပေး ဆောင်ရွက်ရမည့်နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာသာမန်အသုံး စရိတ်များဖြစ်သည့် ဝန်ထမ်းလစာစရိတ်များ၊ စက်သုံးဆီစရိတ်များ၊ ပြင်ဆင်ထိန်းသိမ်းစရိတ် များစသည်တို့ကို ခြိုးခြံချွေတာပြီး GDP တိုးတက်စေမည့်ကုန်ထုတ်လုပ်မှု အကျိုးပြုအသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုး ရေးအသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့်နှစ်ဖြစ်ကြောင်း၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ စိစစ်သည့်အချိန်တွင် အခြေခံအားဖြင့် သာမန်အသုံးစရိတ်ဆိုင်ရာအချက် ၂ ချက်၊ ငွေလုံး ငွေရင်းအသုံး စရိတ်ဆိုင်ရာအချက် ၂ ချက်နှင့် ပြည်ပချေးငွေပြည်ပအကူအညီရငွေကို အမှန် တကယ် ရနိုင်မည့် ပမာဏကိုသာ ခန့်မှန်းလျာထား စိစစ်ထားသည် ကိုတွေ့ရကြောင်း။

ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ညှိနှိုင်း၍စိစစ်ထားသော ဘဏ္ဍာငွေအရ အသုံးလျာထားချက်များနှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက် တင်ပြရန်ရှိပါက တင်ပြနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရ အသုံးခန့်မှန်းခြေငွေ စာရင်းလျာထားချက်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြိုတင်စိစစ်ဆောင်ရွက်ခဲ့မှု အကျဉ်းချုပ်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏အရ အသုံးခန့်မှန်းခြေငွေစာရင်းများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် က ရငွေ၊ သုံးငွေ စာရင်းများ နှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို အကောင်အထည်ဖော်ရာတွင်  နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် ကိုက်ညီမှုရှိစေရန်နှင့် နိုင်ငံတော်၏မူဝါဒများအရ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို ထိထိရောက်ရောက်ဖြစ်အောင် သုံးစွဲစေလိုကြောင်း၊ ထို့သို့သုံးစွဲကြရာတွင် ပြည်ထောင်စုစာရင်း စစ်ချုပ် တင်ပြဆွေးနွေးသည့် တွေ့ရှိချက်နှင့်အကြံပြုချက်များကို တိကျစွာလိုက်နာဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အသုံးစရိတ်များသုံးစွဲကြရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာ ကြရန်နှင့် အသုံးစရိတ်များအတွက်မှတ်တမ်းမှတ်ရာများနှင့် အထောက်အထားများကို စာရင်း စစ်ဆေးခံနိုင်ရန် အဆင်သင့်ဆောင်ရွက်ထားကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ရရှိမည့်အခွန်အကောက်ရငွေများ၊ အခြားသာမန်ရငွေများကိုလည်း လျာထားသည့် အတိုင်း ပြည့်ဝစွာကောက်ခံရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အသုံးစရိတ်များ အကောင်အထည်ဖော်ရာတွင် မိမိတို့ အစိုးရလက်ထက်၌ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့ လာစေရန် စီမံအုပ်ချုပ်မှုဆိုင်ရာ အသုံးစရိတ်များကို တတ်နိုင်သမျှခြိုးခြံချွေတာပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု အသုံးစရိတ်များကိုသာဦးစားပေး ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို နှိုင်းယှဉ်သည့် အခါ စုစုပေါင်း ရငွေပိုင်းတွင် ၂၀၁၉ - ၂၀၂၀ အမှန်စာရင်းစုစုပေါင်းရငွေသည် ကျပ် ၁၁၇၇ ဘီလီယံကျော်ရှိပြီး ၂၀၂၀- ၂၀၂၁ ရှေ့ပြေးအမှန်မှာ ကျပ် ၇၈၆ ဒသမ ၆ ဘီလီယံကျော် ၊  ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက် ၆ လ မူလခန့်မှန်းခြေသည် ကျပ် ၅၁၆ ဒသမ ၈ ဘီလီယံကျော်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထားအပေါ်စိစစ်ပြီး ၁၀၅၈ ဒသမ ၉ ဘီလီယံကျော် ဖြစ်သည်ကို တွေ့ရကြောင်း၊ စုစုပေါင်းသုံးငွေပိုင်းကိုကြည့်မည်ဆိုလျှင်  ၂၀၁၉ - ၂၀၂၀ အမှန်စာရင်းသည် ကျပ် ၃၃၄၁ ဘီလီယံကျော် ၊ ၂၀၂၀-၂၀၂၁ ရှေ့ပြေးအမှန်စာရင်းသည် ကျပ်ဘီလီယံ ၃၀၅၃ ဒသမ ၅ ဘီလီယံကျော် မီနီဘတ်ဂျက်တွင် ကျပ် ၁၅၇၉ ဒသမ ၈ ဘီလီယံကျော်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍရေး နှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ခန့်မှန်းကျပ် ၃၁၃၁ ဒသမ ၅ ဘီလီယံ ကျော်ရှိမည်ဟုခန့်မှန်းထားသည်ကို စာရင်းဇယားများအရ၊ စိစစ်ချက်များအရတွေ့ရှိရကြောင်း၊ ရသုံးစာရင်းနှိုင်းယှဉ်မည်ဆိုလျှင် နှစ်စဉ်ရငွေနှင့် သုံးငွေအပျမ်းမျှအချိုးသည်  ၁အချိုး၃ရှိသည်ကို တွေ့ရပြီး သုံးငွေကဏ္ဍသည် ရငွေကဏ္ဍထက် ၃ ဆ ပိုမိုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝင်ငွေရရှိရေးနှင့် သုံးငွေလျော့ချရေးအတွက် သက်ဆိုင်ရာဝန်ကြီးချုပ်များ အနေဖြင့် မိမိတို့၏ တိုင်းဒေသကြီနှင့်ပြည်နယ်များအလိုက် ဘက်စုံထောင့်စုံမှစိစစ်ခြင်း၊ ခြိုးခြံချွေတာခြင်း စသည့်လုပ်ငန်းများကို ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်နှင့်ပြည်ပဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန် အမယ်များတိုး တက်စေရေးကဏ္ဍ၊ GDP တွင် လယ်ယာ၊ သား၊ ငါး၊ သစ်တောကဏ္ဍ အချိုးမြင့်မားစေရေးကဏ္ဍအပြင် စက်မှုကဏ္ဍ၌ နိုင်ငံတော်၏စီမံကိန်းများတွင် လိုအပ်သလို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။

အသုံးစရိတ်ပိုင်းတွင် မီနီဘတ်ဂျက်နှင့်  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှင့် အရအသုံး အချိုးကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက  ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၏ အသုံးစရိတ်အချိုးက လျော့နည်းပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့သည် အသုံးစရိတ်အချိုးတိုးမြင့်လာကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၊တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့သည် ယခင်နှင့် ယခုအချိုးတူညီနေကြောင်း၊ အသုံးစရိတ်များခြင်း၊ အသုံးစရိတ်ကို မူလ အတိုင်းသုံးရန် လျာထားခြင်းအပေါ် အတတ်နိုင်ဆုံး စိစစ်သုံးစွဲနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လျာထားအသုံးစရိတ်အတွက် မဖြစ်မနေစရိတ်များကိုသာ  အတတ်နိုင်ဆုံး လျော့ချသုံးစွဲ သွားကြရမည်ဖြစ်ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်၏ GDP တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကြီးကြပ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးလျာထားချက်များကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ ဆက်လက်တင်ပြပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း၊  ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပြီး သည့်အခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့တင်ပြ၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းမည် ဖြစ်ကြောင်း၊ ထိုသို့ပြဋ္ဌာန်းပြီးသည့်အခါ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြ၍ ဥပဒေထုတ်ပြန် ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် လိုအပ် သည်များကို အချိန်မီ ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။