ရန်ကုန် မတ် - ၂
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာ နိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့် ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင် နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်း တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးကြ သည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည် ညီ ညွတ်ရေးအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဟန်းရှင်လူပြည်သူများက ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံများနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ခဲ့ကြသော မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါသည် ဟူသည့် ဗီနိုင်းဆိုင်းဘုတ် များကို ကိုင်ဆောင်ကာ ရန်ကုန်လေဆိပ်၌ သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်ကြ သည်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူး လွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ICJ တရား ရုံးတွင် စီရင်ပိုင်ခွင့် မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည် ဟိဂ်မြို့ တွင် ဖေဖော်ဝါရီ ၂၁ ရက် မှ ၂၈ ရက် အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကြားနာပွဲတွင် ပြည်ထောစုဝန်ကြီး ဦးကိုကိုလှိုင်က ICJ အနေဖြင့် ဥပဒေ ကြောင်းအရ ထိုအမှုကို လက်ခံကြားနာစစ်ဆေးခွင့် မရှိကြောင်း လျှောက်လဲရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာရှေ့နေများကလည်း မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက်၍ တရားရုံးသို့ အချက်အလက် ခိုင်ခိုင်မာမာဖြင့် တင်ပြလျှောက်လဲခဲ့ကြောင်း သိရှိရသည်။