ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ

Monday, February 21, 2022 - 16:15

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီလ    ၂၁

 

          ချင်းပြည်နယ်၊ ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ တို့သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရသည်မှာ တစ်နှစ်ကျော်ကာလသို့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ပြီး  ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက် လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းအသိစိတ်ဓာတ်ဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကိုတွေ့ရှိရသဖြင့် အသိအမှတ်ပြု အားပေး ပါကြောင်း၊ နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာ အကောင်းဆုံးဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ က ဆက်လက်အမှာစကား ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများက ချင်းပြည်နယ်၏ ဒေသဆိုင်ရာ အချက်အလက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ လမ်းတံတားများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းဆောင် ရွက်နေမှု၊ ပန်းခင်းစီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးနေမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ကို ရှင်းလင်းတင်ပြကြသည်။

          ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက် အောင်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပါကြောင်း၊ စိုက်ဧက များ တိုးချဲ့ဖော်ထုတ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ စိုက်ပျိုးမြေ ကောင်းမွန် ရေးနှင့် ရေရရှိရေး၊ နည်းစနစ်ကောင်းများဖြင့် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရန် လိုကြောင်း၊ ဒေသဝင်ငွေတိုးတက်ရရှိနိုင်ရေးအတွက် ဒေသအလိုက် ဝဥ၊ ထောပတ်၊ လိမ္မော်နှင့် ကော်ဖီများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နွားနောက်မွေးမြူ ရာတွင် လွှတ်ကျောင်းစနစ်အစား ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေးနှင့် ဒေသဝမ်းစာ ဖူလုံရေးအတွက် နွား၊ ဝက်၊ ကြက်၊ ငါးမွေးမြူရေးလုပ်ငန်းများကို ယခုထက် ပိုမိုမွေးမြူ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။