ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တွေ့ဆုံ

Monday, February 21, 2022 - 16:15

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီလ  ၂၁

          ချင်းပြည်နယ်၊ ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာ တို့သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်သူ့ဆေးရုံအုပ်ကြီးရုံးရှိ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု များနှင့်အခက်အခဲများကြားမှ နိုင်ငံတော်တာဝန်အား ကျေပွန်စွာထမ်းဆောင်လို စိတ်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် အခက်အခဲရှိပါက တင်ပြ ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်ဝင်း က ဆေးရုံအတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ၊ အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး တို့က ဖြည့်စွက်တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင်များက ဆေးရုံ ဝန်ထမ်းနှင့် လူနာများအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြရာ ဆေးရုံအုပ်ကြီး နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တည်ဆောက်ဆဲ အောက်ဆီဂျင်စက်ရုံနှင့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးများဖြင့် အောက်ဆီဂျင်သိုလှောင်ထားရှိမှုအခြေအနေကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာနှင့် အဖွဲ့ဝင်များ သည် ဟားခါးမြို့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ရောက်ရှိပြီး ပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားပြီးနောက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်သည်။ ထိုမှတစ်ဆင့် ဟားခါးမြို့၊ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အရှင်တေဇောသာရ အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်း များ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ကြသည်။ 

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင်များသည် ဟားခါးမြို့ရှိ နယ်မြေခံတပ်သို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တွေ့ဆုံကာ လိုအပ် သည်များ မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။