တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသ

Thursday, February 18, 2021 - 13:15

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၃၉၁၂ ဦး၊ အတွင်းလူနာ ၂၆၃၅ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်  စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၆၁၃ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၂၈၂ ဦး၊ စုစုပေါင်း ၈၉၅ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၃၅၅ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၅၄ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၉၀၉ ဦးကို မွေးဖွားနိုင်ခဲ့သည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာတပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရှိ ရသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက လည်းကောင်း အသီးသီး သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့အတူ ဧရာ၀တီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများသို့ လာရောက်ပူးပေါင်း၍ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးသော ပြင်ပမှ ဆရာဝန်များ နှင့် သူနာပြုများအား ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ ဧရာ၀တီခန်းမ၌ သွားရောက်တွေ့ဆုံ၍ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို  ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။