နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဟံဇားတိုက်နယ်ဆေးရုံ၌ ဆရာဝန်များနှင့် သူနာပြုများက ၎င်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံတွင်အလုပ်ဆင်းပြီး တာဝန် ကျေပွန်စွာထမ်းဆောင်နေသည့်ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော် ဆေးရုံမှ ဆရာဝန်များနှင့်သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီတောင်းခံ လာခဲ့သည်။
အဆိုပါအကူအညီတောင်းခံလာမှုကြောင့် မိတ္ထီလာမြို့ တပ်မတော်ဆေးရုံမှ ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာ ယနေ့တွင် တပ်မတော်ဆေးကုသမရေးအဖွဲ့က ဒေသခံ ပြည်သူ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၆၂ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။