ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား ကြီး နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ယနေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာ တော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် တာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ သစ်သီးဆွမ်းတော်၊ ပန်းမန်နံ့သာနှင့် ဆီမီးတို့ကို ကပ်လှူပူဇော် သည်။
ထို့နောက် အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ် ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ မဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋိကျောင်းဆောင်တော် ပရိဝုဏ်တော် တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး တို့က ရတနာစိန်ဖူးတော် နှင့် လှူဖွယ်ပစ္စည်းများအား ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ကြီးထံလည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများကို နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီး ထံသို့ လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် လဲချားမြို့၊ ဟော်ခမ်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုဘောဂ ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်၍ ဂန္ဓကုဋိကျောင်းဆောင် တော်အား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာ အချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ စုပေါင်းမင်္ဂလာကြိုးဆွဲကာ မင်္ဂလာရထားပျံဖြင့် ဂန္ဓကုဋိ ကျောင်းဆောင်တော် အထွတ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ကြသည်။ ယင်းနောက် ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုး များ ရွာသွန်း ဖြိုးကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မဟာမြတ်မုနိဘုရားကြီး သမိုင်း အကျဉ်း၊ ကျိုင်းတုံဒေသသို့ မြတ်ဗုဒ္ဓသာသနာရောက်ရှိလာပုံများ၊ ဂုံရှမ်းဘာသာနှင့် စာပေ ပေါ်ထွန်းခဲ့မှုများ၊ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြသည့် စော်ဘွားကြီးများ၊ ကျိုင်းတုံမြို့ သမိုင်းအကျဉ်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကို ကောဇာ သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ခရစ်နှစ် ၁၉၂၁ ခုနှစ်တွင် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စောကွန်းကျောက်အင်းထရိုင် က ကျိုင်းတုံဒေသတွင် ဗုဒ္ဓသာသနာတော်တည်တံ့ စေရန်၊ သာသနာတော် နေလို လလို ထွန်းလင်းစေရန် ရည်ရွယ်၍ မန္တလေးမြို့ဟောင်း ဘူတာရုံအနောက်ဘက် လေးအိမ်တန်းရပ်နေ ပန်းပုပညာရှင် ဆရာကြီး ဦးသစ်ထံတွင် သွန်းလောင်းပူဇော်ခဲ့ခြင်းဖြစ်ကြောင်း၊ သွန်းလောင်းပူဇော်အပြီးတွင် ထိုစဉ်အခါက မန္တလေးမှ ကျိုင်းတုံမြို့အထိ မော်တော်ယာဉ်လမ်းပေါက်ရောက်ခြင်းမရှိသဖြင့် ရုပ်ပွား တော်ကို အပိုင်းပိုင်းဖွဲ့ယူကာ လူအင်အား၊ ကျွဲလှည်း အင်အားများစွာဖြင့် ခရီးလမ်းပန်း အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်၍ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပင့်ဆောင်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ကောဇာသက္ကရာဇ် ၁၂၈၈ ခုနှစ်တွင် ဝိဟာရ ကျောင်းတော်ကို တည်ဆောက်ခဲ့ပြီး ကျောင်းတော်အတွင်းရှိ ပလ္လင်တော်သို့ ဘုရား ကြီးကို ပင့်ဆောင်တော်မူခဲ့ကြောင်း၊ ထို့နောက် ခေတ်အဆက်ဆက် အစိုးရများ၊ ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များက ဘုရားကြီးအား ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုပြင်မွမ်းမံ ထိန်းသိမ်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့ ကို မဟာမြတ်မုနိဘုရားပွဲအဖြစ် သတ်မှတ်က အစဉ်အလာမပျက် ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာ မြတ်မုနိဘုရားကြီးသည် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး သမိုင်းဝင်ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆက်လက်ပြုပြင် မွမ်းမံထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဘုရားကြီး နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။