နေပြည်တော် ဖေဖော်ဝါရီ ၁၄
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ကြ သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသလျက်ရှိရာ ယနေ့ ဒုတိယနေ့တွင် ပြည်သူများတစ်ခဲနက် လာရောက်လေ့လာ ကြည့်ရှုကြသည်။
အဆိုပါ ဂုဏ်ပြုယာဉ်များတွင် ပြည်သူများတိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံး တမ်းများကိုချစ်ခင်တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား များ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဒေသ ထုတ်ကုန်များကို သရုပ်ဖော်ပြသပေးထားရာ ကျောင်းသားလူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြ သည်။
ထို့ပြင် လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသားဖြူစင်ဖော်ရွေလှသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အတူ အမှတ်တရ ဓာတ်ပုံရိုက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်။
တပေါင်းကွင်းအတွင်း သတ်မှတ်နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအနေဖြင့်လည်း လာရောက်လေ့လာကြသည့် ပြည်သူများ သိရှိလိုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများကို အဖွဲ့လိုက်မျှဝေပေးကြသည်။
မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့ဝင်များသည် လှသောအညာမြေ၊ မင်္ဂလာပါ စသည့် အိုးစည်သီချင်းများဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့ ဝင်များသည် လှံရေးပညာသင်အက၊ တုတ်ရှည်ပညာသင်အက၊ ဓားနှစ်လက်ပညာ သင်အက၊ သိုင်းပညာအက များဖြင့်လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြု ယာဉ်များရှေ့၌ ကပြဖျော်ဖြေကြရာ ဂုဏ်ပြုယာဉ်များကို လာရောက်လေ့လာကြည့်ရှုကြသူ ပြည်သူများကလည်း တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူပါ ဝင်ဆင်နွှဲကြသည်။
အထူးအစီအစဉ်တစ်ခုအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တိုင်းရင်းသား ရိုးရာအစားအစာများကိုလည်း ပြုလုပ်ရောင်းချပေးလျက်ရှိရာ တစ်ချိန်တည်းတွင် တိုင်းရင်း သားအစားအစာများကို စားသုံးနိုင်သော အခွင့်အရေးဖြစ်သည့်အတွက် ပြည်သူများစိတ် ဝင်တစား ကြိတ်ကြိတ်တိုး ဝယ်ယူသုံးဆောင်နေကြသည်ကိုလည်း တွေ့ရသည်။
ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ် (၄၆) စီးတို့ကို ခင်းကျင်းပြသခြင်းနှင့် တိုင်းရင်းသားရိုးရာအစားအစာဆိုင်ခန်းပေါင်း (၂၀) မှ တိုင်းရင်းသားရိုးရာ အစားအစာများကို ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း မိဘပြည်သူများ လာရောက်လေ့လာ ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။