နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်အားသွားရောက်ဖူးမြှော်ကြည်ညို

Thursday, February 3, 2022 - 16:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်အားသွားရောက်ဖူးမြှော်ကြည်ညို၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ မြို့နာမ် ရွှေစေတီတော်အား သွားရောက်ဖူးမြှော်ကြည်ညိုသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် စေတီတော်အား ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူပူဇော်ကြပြီး စေတီတော်အား လက်ယျာရစ်လှည့်လည်ဖူးမြှော်ကြည်ညိုကြသည်။ ထို့နောက် စေတီတော် ဧည့်သည်တော်မှတ်တန်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး အလှူငွေများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

          အဆိုပါ မြို့နာမ်ရွှေစေတီတော်ကို ကုန်းဘောင်ခေတ်၊ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် အလောင်းမင်းတရားကြီး ယိုးဒယားပြည်၊ အယုဒ္ဓယမြို့သို့ စစ်ချီရာ လမ်းတစ်လျှောက်၌ သဲပုံစေတီများ တည်ထားကိုးကွယ်ခဲ့ရာ ယခင် ကန္တရဝတီနယ်၊ ယခုကယားပြည်နယ်၏ မြို့တော် ယခင်သီရိဒေါရွာဦးထိပ်နေရာဖြစ်သော ယခု စေတီတော်နေရာတွင် အောင်မြေနင်း၍ အောင်မြေစေတီတော်အဖြစ် တည်ထား ကိုးကွယ်ခဲ့ကြောင်း၊ သီရိဒေါရွာတည်စဉ်က ရွာနာမ်စေတီဟု ခေါ်ခဲ့သော်လည်း သီရိဒေါရွာမှ လွိုင်ကော်မြို့အဖြစ် တိုးတက်ပြောင်းလဲလာခဲ့ရာ အဆိုပါစေတီအား မြို့နာမ်ရွှေစေတီတော်အဖြစ် ပြောင်းလဲကိုးကွယ်ခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ရှိ ဥတ္တရာရုံ ကျောင်းတိုက်သို့သွားရောက်၍ သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ပြည်နယ်ဩဝါဒ ဆရာတော်  ဘဒ္ဓန္တစန္ဒိမာ အား အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကြပြီး ဆရာတော်များထံမှ ဆုံးမဩဝါဒများနာယူခဲ့ သည်။

          ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ခေတ္တတိမ်းရှောင်ရာမှ နေရပ်သို့ပြန်လည်ထွက်ခွာကြမည့် ဖရူဆိုမြို့၊ ငွေတောင် ရွာသစ်ကျေးရွာ၊ မှုံပြာကျေးရွာနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ တိုက်ပွဲရှောင် ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှပေးအပ်သည့် အဝတ်အထည်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။