မြို့နယ်အချို့၌ အကြမ်းဖက်သမားများက စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်မှုများ ပြုလုပ်

Wednesday, February 2, 2022 - 14:45

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

            အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိ သည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

            ထိုသို့ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနှင့် ပိတောက် ရွှေဝါလမ်းသွယ်ထောင့်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအနီး၌ အကြမ်းဖက် သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အဦ၏ လေကာမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

                   အလားတူ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက်နေ ကောလင်းမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ပညာရေးမှူး ဦးကျော်သိန်း(၅၆)နှစ် (ဘ)ဦးဘဖြန်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့ နေအိမ် အပြင်သို့ သွားနေသည့်အချိန် ၎င်းတို့၏နေအိမ်အရှေ့သို့ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး‌ နေအိမ်အတွင်းသို့ လက်လုပ်ဗုံး ၂ လုံးဖြင့်ပစ်ပေါက်ခဲ့ရာ လက်လုပ်ဗုံး တစ်လုံးမှာ နေအိမ်အတွင်းသို့ လည်းကောင်း၊ ကျန်တစ်လုံးမှာ နေအိမ်အပြင် မြေကြီးပေါ်၌ လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ ရေခဲသေတ္တာ ၁ လုံး၊ သံသေတ္တာ ၄ လုံးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

              ထို့အတူ ယနေ့နံနက် နာရီအချိန်တွင် တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်နေ ကိုမျိုးမင်းထွန်း (၃၄)နှစ်()ဦးတင်ရွှေသည် ဇနီးဖြစ်သူ မသန်းသန်းဌေးနှင့်အတူ ဆိုင်ကယ် ဖြင့် သားဖြစ်သူ မောင်သက်ထူးစံအား မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ပို့စဉ် ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး အရောက်၌ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား ဦးက သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားသဖြင့် ကိုမျိုးမင်းထွန်းတွင် ရင်ဘတ်နှင့် ချိုင်းအောက်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

              အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။