နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နှင်းဆီအိမ်ယာတွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၁ ဦးသည် ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် စံပယ်အိမ်ရာ ကွပ်ကဲမှုရုံးသို့ လုံခြုံရေးအရသွားရောက်ပူးပေါင်းရန် ကမ်းနားလမ်း အတိုင်းထွက်ခွာလာစဉ် မင်းတဲအီးကင်းရပ်ကွက်၊ မင်္ဂလာရဲညွန့်ဓမ္မာရုံ အနီးသို့ အရောက်၌ တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသော အဖျက်အမှောင့်သမားများက ရပ်ကွက်လုံခြုံရေးဆောင်ရွက်နေသည်ဟု အကြောင်းပြပြီး ဓမ္မာရုံအတွင်း ဖမ်းဆီး ခေါ်ဆောင်၍ ဥပဒေမဲ့လုပ်ရပ်များကိုကျူးလွန်ခဲ့ကြသဖြင့် ဖူးရောင် ပေါက်ပြဲဒဏ်ရာ များဖြင့် သတိလစ်မေ့မျောလျှက်ရှိကြောင်းနှင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်း ထုတ်ပြန်ပြီးဖြစ်သည်။
အဆိုပါ အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်အား တပ်မတော်သား ဆရာဝန်များက အထူးကြပ်မတ်ကုသပေးခဲ့သော်လည်း ရရှိဒဏ်ရာများမှာ ပြင်းထန်သော ကြောင့် ယနေ့နံနက် ၄ နာရီခန့်တွင် ဦးနှောက်အတွင်း သွေးယိုစီးခြင်းရောဂါဖြင့် အသက်ဆုံးရှုံးသွားခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်၏ ဈာပနကို ယနေ့နေ့လယ်ပိုင်းတွင် ပြင်ဦးလွင် မြို့ရှိ တပ်မတော် ဆေးရုံ၌ ပြုလုပ်ခဲ့ပြီး ထုံးတမ်းအစဉ်အလာများနှင့်အညီ သဂြိုလ်ပေးခဲ့ ကြောင်း သိရှိရသည်။
ရပ်ရွာလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်အား ဥပဒေမဲ့လုပ်ရပ်များကို ဝိုင်းဝန်းကျူးလွန်ခဲ့ကြသူများအား လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။