ပုလဲမြို့နယ်၊ အင်မထီးကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက နှောင့်ယှက်ပစ်ခတ်၊ နေအိမ်များအား မီးရှို့ ဖျက်ဆီး၊   နေပြည်တော်၊ ဇန်နဝါရီ - ၃၁

Monday, January 31, 2022 - 07:45

ပုလဲမြို့နယ်၊ အင်မထီးကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက နှောင့်ယှက်ပစ်ခတ်၊ နေအိမ်များအား မီးရှို့ ဖျက်ဆီး၊  

နေပြည်တော်၊ ဇန်နဝါရီ - ၃၁

          စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၏ စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင်  PDF အမည်ခံအကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက် တို့မှ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာရာမှ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာနေအိမ် များအား မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။  

          ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏အကြမ်းဖက် လုပ်ရပ်များတွင် ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့သော်လည်း အင်မထီးကျေးရွာရှိ ဌာနေ ပြည်သူ့စစ်အဖွဲ့များက ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့်  ဇန်နဝါရီလ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် အလစ်အငိုက်ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းများပြုလုပ် လာခဲ့ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားနေစဉ် ကျေးရွာအနီး လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် များနှင့် သွားရောက်ပူးပေါင်း၍ အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အထိနာခဲ့ပြီး ကျေးရွာအား မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၂၀၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင်လည်း ပုလဲမြို့နယ်နှင့် ပတ်ဝန်းကျင်နယ်မြေများအတွင်း အပစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများနှင့် ဆေးရုံ/ဆေးခန်းများအား မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသည့် ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်  လှဆွေ(ဘ) ဦးဖိုးကျော်အား အဆိုပါအင်မထီးကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ဦးနှောက်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။  

          NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင်လျက်ရှိသည့်အပြင် ၎င်းတို့နှင့် ပူးပေါင်းပါဝင်ခြင်းမရှိသည့် ကျေးရွာများနှင့် အဆိုပါကျေးရွာများမှ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုလည်း အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို မကြာခဏ ကျူးလွန် လုပ်ဆောင်၍ လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှု မရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးတို့အတွက် နယ်မြေခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။