နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆
မြောင်းမြမြို့နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် ဖမ်းဆီးထားသူအား မြောင်းမြထောင်သို့ သွားရောက်ပို့ဆောင်သည့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များအား ဆူပူဆန္ဒပြသူများက ဝိုင်းဝန်းပိတ်ဆို့နှောင့်ယှက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောင်းမြမြို့နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီးထားသည့် ထက်ဝေယံကျော်(ဘ)ဦးစန်းမြင့်၊ မြရတနာရပ်ကွက်၊ မြောင်းမြမြို့နေသူအား မြောင်းမြမြို့အကျဉ်းထောင်သို့ သွားရောက်ပို့ဆောင်ပြီးပြန်လည် ထွက်ခွာလာစဉ် ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် ထောင်ကုန်းရပ်ကွက်၊ ထောင်အဝင် လမ်းဆုံနေရာသို့အရောက် အင်အား ၁၀၀၀ ဦးခန့်ဖြင့် ဝိုင်းဝန်းပိတ်ဆို့တားဆီးပြီး ကျောက်ခဲများဖြင့်ပစ်ပေါက် နှောင့်ယှက်၍ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ နှောင့်ယှက်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်းနှင့်ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။