စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းများနှင့် မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်

Wednesday, February 17, 2021 - 05:45

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက် ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် တို့က အဖွင့်အမှာစကားများ ပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့ဝင် များအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

အလားတူ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် လင်းခေးမြို့နှင့် ခိုလမ်မြို့၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ဧရာ၀တီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိ သည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် အလှူရှင်များက အလှူငွေများ၊ Mask များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။