ဖောင်းပြင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများအား အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်
နေပြည်တော်၊ ဇန်နဝါရီ - ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်း ၂ ခုအား ယနေ့နံနက် ၃ နာရီ ခွဲခန့်တွင် အကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့်စီက သာလွန် အင်အားအသုံးပြု၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် တစ်ပြိုင်တည်း လာရောက်ပစ်ခတ် တိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့သည်။
ထိုသို့သာလွန်အင်အားဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စခန်းများ အလိုက် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သမားများမှ အင်အား ထပ်မံတိုးမြှင့်တိုက်ခိုက်လာခဲ့သည့်အတွက် စခန်းအသီးသီးမှ ခေတ္တဆုတ်ခွာပေးခဲ့ရပြီး အကြမ်းဖက်သမားများက စခန်းများအတွင်းရှိ ရုံးအဆောက်အဦ ၁ လုံးနှင့် လူနေ အဆောက်အဦ ၁ လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာ နေရာများသို့ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ယနေ့နံနက်ပိုင်းက သွားရောက်၍ စိစစ်ခဲ့ရာ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ငယ်အချို့ ပျောက်ဆုံး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်း များအား ပြန်လည်ရရှိရေး၊ ဒေသအတွင်း လုံခြုံမှုရရှိစေရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။