စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်
နေပြည်တော်၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးစိုးသူ (၆၃)နှစ် (ဘ)ဦးပြေဝင်း နှင့် ယာဉ်နောက်လိုက်များဖြစ်သည့် ဦးစိုးလွင်(၅၂)နှစ် (ဘ)ဦးလှသန်း နှင့် ဦးရဲတင့်နိုင်(၂၆)နှစ် (ဘ)ဦးတင်ဝင်းတို့သည် ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် ဒီပဲယင်းမြို့နယ်၊ ပင်စည်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက် သမားများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကိုကျော်စိုးနှင့် ကိုအောင်တိုးဦး တို့ ၂ ဦးနှင့် ၎င်းတို့အား လိုက်ပါကူညီပို့ဆောင်သည့် မဖြူဖြူအောင်တို့နှင့်အတူ ဆေးကုသရန်အတွက် ဒီပဲယင်းမြို့မှ မန္တလေးမြို့သို့ “နေမျိုးနွယ်” Mini Bus ခရီးသည်တင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဇန်နဝါရီ ၂၁ ရက်တွင် နံနက် ၉ နာရီခွဲခန့်တွင် ကြက်ခတ်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၂၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ကြောင်း သိရသည်။
မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဦးစိုးသူ၊ ဦးစိုးလွင်နှင့် ဦးရဲတင့်နိုင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုကဲ့သို့ ခရီးသည်တင်ယာဉ်အား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အဖွဲ့ များအား ဖော်ထုတ်အရေးယူနိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။