စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့အား  ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ရာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံး၍ အမျိုးသား ၁ ဦးဒဏ်ရာရရှိ နေပြည်

Thursday, January 20, 2022 - 15:30

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့အား  ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ရာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံး၍ အမျိုးသား ၁ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၀

               စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင် အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့အား  ဖမ်းဆီးခေါ်ဆောင် သွားပြီး သတ်ဖြတ်ခဲ့ရာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံး၍ အမျိုးသား ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

               ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အင်အား (၄၀)ဦးခန့်သည် လက်နက်ငယ်များ၊ တူမီးသေနတ်များ ကိုယ်စီကိုင်ဆောင်လျက်  စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကုန်း(မြောက်)ကျေးရွာသို့ ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူများဖြစ်သည့် ဦးရာအေး(၄၇)နှစ်(ဘ) ဦးချင်းယောက်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်း(၄၅)နှစ်(ဘ)ဦးမောင်၊ ဦးကျော်စံဝင်း(၄၇)နှစ် (ဘ)ဦးစံအေး၊ ဒေါ်ကြည်ကြည်ဝင်း(၃၅)နှစ်(ဘ)ဦးအောင်ဝင်း၊ ဦးကျော်နိုင်ဦး (၃၇)နှစ်(ဘ) ဦးအောင်မြတ်သန်းနှင့် ဦးစိုးလေး(ခ)တောကျီး(၄၂)နှစ်(ဘ)ဦးဝဲပိုတို့ (၆)ဦးအား ဖမ်းဆီးပြီး ကျေးရွာ ၏ အနောက်ဘက် (၃)ဖာလုံခန့်အကွာရှိ သင်္ချိုင်းဘက်သို့ ခေါ်ဆောင်သွားကာ သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးရာအေးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်ဌေးဌေးဝင်းတွင် လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ဝဲပါးစောင်းပြတ်ရှဒဏ်ရာ၊ ဦးကျော်စံဝင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်ကြည်ကြည်ဝင်းတွင် ဝဲနားထင်မှ ယာနားထင်ကျည်ဖောက်ထွက်ဒဏ်ရာ၊ ဦးကျော်နိုင်ဦးတွင် လည်းပင်းပြတ်ရှဒဏ်ရာများ ရရှိကာ အသီးသီးသေဆုံးခဲ့ပြီး ဦးစိုးလေး(ခ)တောကျီးမှာ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ လည်ပင်းအား ဓားဖြင့် လှီးဖြတ်စဉ် လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာ ထွက်ပြေးခဲ့စဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ၎င်းတွင် ဝဲဘက်ညှပ်ရိုးဖောက်ဝင်ဒဏ်ရာ ရရှိကာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရှိရသဖြင့် ဦးစိုးလေး(ခ)တောကျီးအား မင်းကင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

               အထက်ပါဖြစ်စဉ်မှာ ကျေးရွာတွင် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သား ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့သော PDF အမည်ခံအကြမ်းဖက် အဖွဲ့အား နယ်မြေခံတပ်မတော်နှင့် ပူးပေါင်းကာ ပိတ်ဆို့စစ်ဆေးရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။