နေပြည်တော်၊ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား အကြမ်းဖက်သမားများက ဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စေတုတ္တရာမြို့နယ်၊ အပေါကျေးရွာ အထကခွဲ(အပေါ)ကျောင်းမှ ကျောင်းအုပ်ဆရာဖြစ်သည့် ဦးသက်နောင်ထွန်း(၃၁)နှစ် (ဘ)ဦးဝင်းညွန့်သည် ၎င်းနေထိုင်ရာ ကျောင်းဝင်းအတွင်းရှိနေအိမ်၌ အဆိုပါကျောင်းမှကျောင်းသား၊ ကျောင်းသူများအား အချိန်ပိုစာသင်ကြားပေးနေစဉ် ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ်ဘက်မှ လက်နက်များကိုင်ဆောင် ထားသည့် PDF အမည်ခံအကြမ်းဖက် သမားအင်အား ၄၀ ဦးခန့်က အပေါကျေးရွာ၏ အနောက်ဘက် တောလမ်းအတိုင်း ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာ ဦးသက်နောင်ထွန်းအား “CDM ပြုလုပ်ခြင်းမရှိဘဲ ကျောင်းဖွင့်လှစ်ထားသည်”ဟု ဆိုကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီး မသေစေချင်လျင် ငွေကျပ်သိန်း ၁၀၀ ဖြင့် လာရောက်ရွေးယူရန် ပြောဆို၍ ကျေးရွာ၏အနောက်ဘက် တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် အဆိုပါကျေးရွာမှ ရပ်မိ၊ ရပ်ဖများမှ ကျေးရွာနေ ကလေးသူငယ်များအား ပညာသင်ကြားပေးလျက်ရှိသည့် ကျောင်းအုပ်ဆရာကြီးအား ပြန်လည် ကယ်ဆယ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများစုပေါင်း၍ ငွေကောက်ခံခဲ့ရာ ငွေကျပ် သိန်း ၃၀ ရရှိခဲ့သဖြင့် နံနက် ၁၀ နာရီအချိန်တွင် ကျေးရွာ၏အနောက်ဘက် တောအတွင်းသို့ သွားရောက်၍ အကြမ်းဖက်သမားများအား ငွေကျပ်သိန်း ၃၀ ပေးအပ်ညှိနှိုင်းခဲ့ရာ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျောင်းအုပ်ဆရာကြီးအား အကြမ်းဖက်သမားများက ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက်သမားများသည် ကျောင်းအုပ်ဆရာ ဦးသက်နောင်ထွန်းအား ဖမ်းဆီးခေါ်ဆောင် ထားစဉ်အတွင်း ကျောင်းဖွင့်လှစ်ခြင်းအား ရပ်နား၍ CDM ပြုလုပ်ရန်ခြိမ်းခြောက် ဖိအားပေးခြင်း၊ ဦးသက်နောင်ထွန်း၏ ဆံပင်များအား လေးကွက်ကြားညှပ်ခြင်း၊ နားဖောက်ခြင်းများအပြင် ညှင်းပန်းနှိပ်စက်ခြင်းများအား လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာ အရှက်ဂုဏ်သိက္ခာ ညှိုးနွမ်းစေရေး ပြုလုပ်ခဲ့သည်။
အဆိုပါကျောင်းအုပ်ဆရာ ဦးသက်နောင်ထွန်းသည် အိမ်ထောင်စု ၆၅ စု၊ အိမ်ခြေ ၆၅ အိမ်၊ လူဦးရေစုစုပေါင်း ၂၃၂ ဦး(ကျား ၁၁၂၊ မ ၁၂၀)နေထိုင်သည့် အပေါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားရမည့်အရွယ် ကလေးသူငယ် ၉၂ ဦးအား ဆရာ ၄ ဦး၊ ဆရာမ ၄ ဦး၊ စာရေး ၂ ဦးတို့အား ဦးစီး၍ နိုင်ငံဝန်ထမ်းပီသစွာ စာပေသင်ကြား ပေးနေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ကျေးလက်နေပြည်သူများ၏ သားသမီးများ ပညာတက်မြောက်စေရေးအတွက် ပညာသင်ကြားမှုများ ပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ၎င်းတို့နှင့်ပူးပေါင်းပါဝင်လာစေရန်နှင့် ပညာသင်ကြားမှုများ ဆက်လက်မလုပ်ဆောင်နိုင်ရေးအတွက် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။