ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin တစ်သန်းပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇန်နဝါရီ - ၉
ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Covaxin တစ်သန်း ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H. E. Mr. MARUYAMA Ichiro နှင့် တာဝန်ရှိသူများ၊ နီပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဒါရိုက်တာ Mr. MORI Yuji နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှသံအမတ်ကြီးနှင့် နီပွန် ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်ဒါရိုက်တာ တို့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါက်တာ ထွန်းမင်း နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့် တို့ထံ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin တစ်သန်းကို လွှဲပြောင်းပေးအပ် သည်။
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin Doses နှစ်သန်းကို ပေးအပ်လှူဒါန်းမည်ဖြစ်ရာ ယခုပထမ အသုတ်အနေဖြင့် Doses တစ်သန်းကို ယနေ့နံနက်အစောပိုင်းတွင် ပထမအသုတ် ပို့ဆောင်မှုအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Qatar Airways flight (QR8920) လေကြောင်းလိုင်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယသုတ်အနေဖြင့် Doses တစ်သန်းကို ဇန်နဝါရီ ၂၃ ရက်တွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရှိရ သည်။