ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ် အဖြစ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် ရှင်းလင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ် ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရခြင်း၏ရည်ရွယ်ချက်၊ စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအားအပိုင်းအလိုက် သယ်ယူနိုင်ရေးဆောင်ရွက်ခဲ့မှုအခြေအနေ များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာ များကို စကျင်ကျောက်တော်များ၌ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်မည့်အခြေအနေများနှင့် ဂန္ဓကုဋိ တိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာ ဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတား နှင့် ရေပန်းများကို ရတနာပုံခေတ်လက်ရာများ အတိုင်းထည့်သွင်း တည်ဆောက်၍ မြန်မာ့အနုပညာလက်ရာ စုံလင်စွာဖြင့် ဗိသုကာလက်ရာမြောက်အောင် ထည့်သွင်း တည်ဆောက် သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မာရဝိဇယကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော်ကြီးပုံစံ ငယ်များ၊ ပိဋကတ်ကျောက်စာရုံနှင့် ကျောက်စာနမူနာများ၊ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်များ နေရာချထားမှုနှင့် CNC Machine များဖြင့် ထုဆစ်နေမှု အခြေအနေ များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။