ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက် ဒေသရှိ အကြမ်းဖက်အဖွဲ့များ သာလွန်အင်အားဖြင့် အလစ်အငိုက်ရယူ တိုက်ခိုက်ခဲ့သည့် ကျားပါးစပ်ကြီးစခန်းအား တပ်မတော်က အချိန်ပိုင်းအတွင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်
နေပြည်တော်၊ ဇန်နဝါရီ - ၀၇
ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက် ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်၏ ကျားပါးစပ်ကြီး စခန်းအား ယနေ့နံနက်အစောပိုင်း တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အလစ်အငိုက်ရယူ၍ သာလွန် အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်နည်းဗျူဟာမြောက်ခေတ္တဆုတ်ခွာပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကယားပြည်နယ်အတွင်း တပ်မတော်က နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျားပါးစပ်ကြီးစခန်းအား ယနေ့နံနက်အစောပိုင်းတွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ရယူပြီး သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်တိုက်ခိုက် လာခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်နည်းဗျူဟာအရ စခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး ကြိုတင်စီမံထားသည့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဟန်ချက်ညီညီ တန်ပြန်တိုက်စစ်ဆင်ချေမှုန်းခဲ့သည့်အပြင် လေကြောင်း ပို့ဆောင်မှုဖြင့် တပ်ကူများ ဖြစ်စဉ်နေရာအနီးတစ်ဝိုက် အမြန်ဆုံးဖြည့်တင်းခြင်း ဆောင်ရွက်ခဲ့သဖြင့် မွန်းလွဲပိုင်းတွင် အဆိုပါ စခန်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အရှေ့မြောက်ဘက်သို့ သေဆုံး၊ ဒဏ်ရာရာရှိမှုများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာသွားခဲ့သည်။
ဖြစ်စဉ်တွင် မိမိတပ်မတော် အရာရှိ၊ စစ်သည်အချို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် အဖွဲ့များထံမှ အလောင်းနှင့် လက်နက်/ခဲယမ်းအချို့ အပါအဝင် ဆက်စပ်ပစ္စည်းတို့အား သိမ်းဆည်းရရှိခဲ့သည်။
တပ်မတော် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အား ၂၀၂၂ ခုနှစ်၊ ဖော်ဖော်ဝါရီ ၂၈ ရက်နေ့အထိ ထုတ်ပြန်ကြေညာချက်အပေါ် တိကျစွာလိုက်နာဆောင်ရွက်သော်လည်း ယခုကဲ့သို့ မိမိတပ်မတော် လှုပ်ရှားစစ်ကြောင်းများ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးစခန်းများအား လာရောက်တိုက်ခိုက်ပါမူ ထိရောက်ပြင်းထန်စွာ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အသုံးပြုလျက် တုန့်ပြန်ရန် အခွင့်အရေးရှိကြောင်းနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ရယူ၍ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများအပြင် အများပြည်သူသွားလာလျက်ရှိသည့် နယ်စပ်လမ်းတစ်လျှောက် အဖျက်အမှောက်လုပ်ရပ်များကိုပါ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ROE စည်းမျဉ်းစည်းကမ်းနှင့်အညီ နယ်မြေဒေသ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။