SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
(၇-၁-၂၀၂၂)ရက်နေ့
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိခဲ့မှုအား ၂၈-၁၂-၂၀၂၁ ရက်နေ့တွင် ကျန်းမာ ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
၂။ ထိုသို့ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၂၂)ခုအား ၇-၁-၂၀၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁,၀၀၀) တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၁၂)ခုတွင် တွေ့ရှိရပါသည်။
၃။ အဆိုပါအိုမီခရွန်ရောဂါပိုးတွေ့ရှိသူ (၁၂) ဦးမှာ မြန်မာနိုင်ငံသား (၁၁) ဦးနှင့် နိုင်ငံခြားသား (၁) ဦးဖြစ်ပြီး Relief Flight များဖြင့် ဝင်ရောက်လာသူ ယူအေအီးနိုင်ငံမှ (၈) ဦး၊ မလေးရှားနိုင်ငံမှ (၃) ဦး နှင့် အိန္ဒိယနိုင်ငံမှ (၁)ဦး ဖြစ်ပါသည်။
၄။ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသ စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာ သည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။
၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန